မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ် နဲ့ မယ်ဆိုင်အကြား ရေကြီးရေလျှံမှုတွေ ဆိုးရွားစွာဖြစ်ပေါ်ခဲ့ပြီးနောက် ရေကျသွားတဲ့အခါမှာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက် ချစ်ကြည်ရေးအမှတ်(၁)တံတားဘေးမှာ ရှင်းလင်းရေးအဖြစ် ဘတ်ဟိုးနဲ့ ရွှံ့နွံတွေကို ကုတ်ဖဲ့ ဖယ်ရှားတဲ့အခါမှာ သေဆုံးနေတဲ့ လူသေအလောင်းတစ်လောင်းကို တွေ့ရပါတယ်။
မယ်ဆိုင်ဘက် တာဝန်ရှိသူများကတော့ ရွှံ့နွံထဲ ဖုံးပြီး သေဆုံးနေတဲ့ အမျိုးသားဟာ ဘယ်သူလဲ ဘယ်ကလဲဆိုတာကို မသိသေးဘူးလို့ ဆိုပါတယ်။
၂၀၂၅ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ကနေ စက်တင်ဘာလ(၁၂)ရက်နေ့အထိ အဆိုးရွားဆုံး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီးနောက် စက်တင်ဘာလ(၁၃)ရက်နေ့ကစပြီး ရေတွေ ပြန်ကျသွားတဲ့အနောက် မယ်ဆိုင်ဘက်ကလည်း သန့်ရှင်းရေးတွေ ပြုလုပ်နေသလို မြန်မာဘက် တာချီလိတ်ကလည်း သန့်ရှင်းရေးတွေ ပြုလုပ်နေကြပါတယ်။
အခုလို ဆိုးရွားတဲ့ ရေကြီးရေလျှံကာလအတွင်းမှာ မယ်ဆိုင်ဘက်မှာလည်း သေဆုံးသူတွေရှိခဲ့သလို မြန်မာဘက် တာချီလိတ်မှာလည်း ရေထဲမျောပါပြီး သေဆုံးသူနဲ့မြေပြိုပြီး သေဆုံးသူ အပါအဝင် အနည်းဆုံး (၁၀)ဦးအထက်ရှိခဲ့ပါတယ်။