မယ်ဆိုင် နှင့် တာချီလိတ်အကြား မယ်ဆိုင်ချောင်းရေ မြင့်တက်  

 မြန်မာနိုင်ငံ တာချီလိတ်မြို့ နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အကြား မိုးရွာသွန်းမှုနဲ့အတူ တောင်ကျရေကြောင့် မယ်ဆိုင်ချောင်းရေ အခြေအနေမှာ မနေ့ကထက် ပိုပြီး မြင့်တက်လာနေတာကို ဒီနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ နံနက်အစောပိုင်းမှာ အခုလို တွေ့ရပါတယ်။

အခုမြင်တွေ့ရတဲ့ မြင်ကွင်းဟာ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်က ချောင်းရေကြီးရေလျှံမှုကို စောင့်ကြည့်ဖို့အတွက် တပ်ဆင်ထားတဲ့ CCTV ကို  Tachileik News Agency က ဝင်ရောက်ကြည့်ရှုတဲ့အခါမှာ မြင်တွေ့ရတဲ့ အခြေအနေဖြစ်ပါတယ်။

ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်က ချောင်းရေကြီးရေလျှံမှုတွေနဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုတွေအပြင် အခုလို CCTV တပ်ဆင်ပြီးတော့လည်း စောင့်ကြည့်လေ့ရှိပါတယ်။

မယ်ဆိုင်ချောင်းရေမြင့်တက်လာမှုအခြေအနေကြောင့် တာချီလိတ်မြို့တွင်း အနိမ့်ပိုင်းရပ်ကွက်တွေမှာ မနေ့ကလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့သလို အခုမနက်မှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း တာချီလိတ်မြို့မှာ ရေကြီးရေလျှံမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ရေကြီးရေလျှံမှုကြောင့် တင်ကျန်ခဲ့တဲ့ ရွှံ့နွံတွေကိုတောင် ရှင်းလင်းလို့ မပြီးပြတ်သေးပါဘူး။ 

အခုတော့ တာချီလိတ်မြို့မှာ တကျော့ပြန် ရေကြီးရေလျှံမှုတွေ ပြန်ဖြစ်နေပါပြီ။