ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ သရက်ကုန်းကျေးရွာအနီး ဖြစ်ပွားသည့်တိုက်ပွဲများတွင် စစ်ကောင်စီမှ ဓာတုအဆိပ်သင့်ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်သည်။
နောင်ချိုမြို့နယ် မန္တလေး-မိုးကုတ်လမ်းပေါ်ရှိ သရက်ကုန်းကျေးရွာအနီးဝန်းကျင်၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိရာ ၂၀၂၄ ခုနှစ် မေလ(၈)ရက်နေ့ ညနေ (၃:၃၀)ခန့်တွင် စစ်ကောင်စီလေတပ်မှ ဓာတုအဆိပ်သင့်ဗုံးများကို တိုက်ပွဲဖြစ်ပွားရာနေရာသို့ ကြဲချတိုက်ခိုက်ခဲ့ကြောင်း မေလ (၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ ဓာတုအဆိပ်သင့်ဗုံးများကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ တပ်ဖွဲ့ဝင်အချို့ မူးမော်ခြင်းနှင့် အော့အန်ခြင်းဝေဒနာများ ခံစားခဲ့ရကြောင်း သိရသည်။
စစ်ကောင်စီအနေဖြင့် သရက်ကုန်းစခန်းကို လက်လွှတ်ခဲ့ရပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် လေကြောင်းတိုက်ခိုက်မှု (၄၃)ကြိမ် အထိ ပြုလုပ်ခဲ့ကြောင်းသိရသည်။
နောင်ချိုမြို့နယ် သရက်ကုန်းစခန်းအား ပြန်လည်ရရှိရန် စစ်ကောင်စီဘက်မှ မြေပြင်အင်အားအလုံးအရင်းနှင့်သာမက လက်နက်ကြီးပစ်ကူများ ၊ လေကြောင်းပစ်ကူများဖြင့်ပါ နေ့စဉ် အပြင်းအထန် ထိုးစစ်ဆင်နေသော်လည်း အဆိုပါစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်ကြောင်းသိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ကို မန္တလေးမြို့သို့ ထိုးဖောက်ဝင်ရောက်ရန် ရည်ရွယ်ချက်ဖြင့် ရှမ်းမြောက်တွင် မဟာမိတ်များအကူအညီဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
#TachileikNewsAgency
Photo: ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)