ဆိုင်ကယ်ခိုးမှုများ နေ့ရောညပါ နေ့စဉ် ဖြစ်ပွားနေတဲ့ တာချီလိတ်မြို့မှာ လွန်ခဲ့တဲ့ (၁)နှစ်ကျော်ကာလဖြစ်တဲ့ ၂၀၂၁ခုနှစ် စက်တင်ဘာလအတွင်း ခိုးခံရတဲ့ ဆိုင်ကယ်တစ်စီးဟာ ခိုးခံရပြီး မကြာခင်မှာ ပြန်လည်တွေ့ရှိပြီးနောက် ဒီနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၉)ရက်နေ့ရဲ့ နေ့လည်ပိုင်းအချိန်မှာ အဲ့ဒီဆိုင်ကယ်တစ်စီးတည်းကိုပဲ ဒုတိယအကြိမ် ထပ်မံ ခိုးခံရမှု ဖြစ်ပွားခဲ့ပါတယ်။
တာချီလိတ်မြို့မှာ အခုလိုမျိုး ဆိုင်ကယ်ခိုးခံရတာဟာ တစ်ခါတစ်လေမှ ဖြစ်တာမဟုတ်ဘဲ နေ့စဉ် နေ့ညမရွေး ဖြစ်ပွားနေသလို အခုလို ရိုးရိုးခိုးတာတွေအပြင် ဆိုင်ကယ်မောင်းနေသူကို ဓါးနဲ့လှမ်းခုတ်ပြီး လုတာတွေ၊ သေနတ်ပစ်ဖောက်ပြီး ခြောက်လန့် လုယက်ခိုးယူတာတွေအထိပါ အတင့်ရဲစွာ ဖြစ်ပွားနေတာပါ။
တာချီလိတ်မြို့မှာ အရင်ကထက် ၂၀၂၁ခုနှစ်ရဲ့ နှစ်ဝက်ပိုင်းကနေ အခု ၂၀၂၃ခုနှစ် ဇွန်လ(၉)ရက်နေ့အထိ နေ့စဉ် ဆိုင်ကယ်အနည်းဆုံး ၂စီးအထက် ခိုးခံရမှုဖြစ်ပွားနေပေမဲ့ သူတို့ကို တားဆီးနိုင်သူမရှိလို ဆိုင်ကယ်ခိုးမှုနဲ့လုယက်မှုတွေဟာ ထမင်းစားရေသောက်သလို အလွယ်ဆုံးအလုပ်တစ်ခု ဖြစ်နေပါတော့တယ်။
အခုနောက်ပိုင်းမှာ ဆိုင်ကယ်ခိုးတဲ့အဖွဲ့တွေဟာ ဦးထုတ်တွေဆောင်၊ Mask တွေတပ်ပြီး မြို့ထဲကို ဆိုင်ကယ်နဲ့ပတ်သွားပြီးတော့ လူလစ်ရင် လစ်သလို ခိုးယူ လုယူတာတွေ အလွယ်တတူ ဖြစ်ပွားနေပါတယ်။