တာချီလိတ်နှင့် နီးသည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် COVID-19 ကူးစက်ခံရသူ (၂)ဦးနှင့် အနီးကပ်နေထိုင်ခဲ့သူများကို မယ်ဆိုင် ကျန်းမာရေးက (၁၄)ရက် သီးသန့်စောင့်ကြည့်သွားမည်
တာချီလိတ်နှင့်နီးစပ်သည့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် (COVID-19) အတည်ပြုလူနာ (၂)ဦး တွေ့ရသည့် အတွက် အနီးကပ်နေထိုင်ခဲ့သူများအား မယ်ဆိုင်ဆေးရုံတွင် ခေါ်ယူ စစ်ဆေးထားပြီး (၁၄)ရက်စောင့်ကြည့်သွားမည်ဖြစ်ကာ ပိုးသတ်ဆေးဖြန်းခြင်းများကိုလည်း ဆောင်ရွက်ထားကြောင်း သိရသည်။
ချင်းရိုင်းခရိုင်ရောဂါထိန်းချုပ်ရေးကော်မတီက မယ်ဆိုင်ရှိ အတည်ပြုလူနာများ၏ နေအိမ်သို့ သွားရောက်ပြီး လူနာနှင့် အနီးကပ်နေထိုင်ခဲ့သူများ ဆေးရုံတွင် ဓါတ်ခွဲစစ်ဆေးရန်နှင့် ဆက်စပ်သူအားလုံးကို (၁၄)ရက် သီးခြားစောင့်ကြည့်ခြင်း လုပ်ဆောင်စေပြီးနောက် အတည်ပြုလူနာ (၅)ဦးရှိနေပြီဖြစ်သည့် ချင်းရိုင်းခရိုင်အတွင်း ရောဂါထပ်မံပြန့်ပွားခြင်း မရှိစေရန် ဆေးဖြန်းခြင်းအပါအဝင် အခြားအစီအမံများ ဆောင်ရွက်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးကြကြောင်း သိရသည်။
လက်ရှိတွင် ချင်းရိုင်း ဖရာချာနုခွန်ဆေးရုံတွင် ကုသမှုခံယူနေပြီဖြစ်သည့် မယ်ဆိုင်မှ အတည်ပြုလူနာ (၂)ဦးမှာ ဘန်ကောက်နှင့် ချင်းမိုင်တို့မှ ပြန်လာသူများဖြစ်ကြပြီး ချင်းရိုင်းခရိုင်အတွင်း တွေ့ရသည့် အတည်ပြုလူနာ (၅)ဦးတွင် (၃)ဦးမှာ ကိုယ်အပူချိန်မြင့်ခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်းစသဖြင့် ကိုရိုနာဗိုင်းရပ်စ်သံသယလက္ခဏာများ မတွေ့ရဘဲ ကျန် (၂)ဦးမှာ ဖျားခြင်းနှင့် ချောင်းဆိုးခြင်းများကို တွေ့ရကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် (၂၄)နာရီတိုင်း အတည်ပြုလူနာ (၁၀၀)ကျော်ဝန်းကျင် တိုးလာနေရာမှ မတ်လ (၂၇)ရက်နေ့တွင် အတည်ပြုလူနာ (၉၁)ဦးအထိ ကျလာပြီး စုစုပေါင်း အတည်ပြုလူနာ (၁၁၃၆)ဦး ရှိနေပြီဖြစ်သည်။
Tachileik News Agency
Source: Chiang Rai Report
Photo: Chiang Rai Report