မြန်မာ- ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံဘက်သို့ ပြန်ထွက်၍ မရသည့် EP (Entry Permit) ဖြင့် ဝင်လာသည့် တရုတ်နိုင်ငံသား (၅၀၀) ကျော်ကို ကျန်းမာရေးဦးစီးဌာနက လိုအပ်သည့် စစ်ဆေးမှုများ လုပ်ဆောင်နိုင်ရန် သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဒီကိစ္စက ကျန်းမာရေးဌာနတစ်ခုထဲနဲ့တော့ မရဘူးပေါ့။ ဒီတော့ တာချီလိတ်ဆေးရုံအုပ်ကြီးကို ဒေသအာဏာပိုင်အဖွဲ့ရယ်၊ ဆက်စပ်နေတဲ့ ဌာနဆိုင်ရာတွေရယ် သတင်းမီဒီယာရယ်၊ ပြည်သူလူထု အကူအညီနဲ့ ယူပြီးတော့ အုပ်ချုပ်ရေးအာဏာပိုင်တွေကို တင်ပြပြီးတော့ ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးဖို့ မှာထားပါပြီ
ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ(၁၇)ရက်နေ့က ပြောသည်။
ထိုင်းနိုင်ငံဘက်မှ EP (Entry Permit)ဖြင့် ဝင်လာသည့် တရုတ်နိုင်ငံသား (၅၀၀)ကျော်ကို ထိုင်းနိုင်ငံဘက်က အဝင်လက်မခံတော့သဖြင့် တာချီလိတ်ဘက်တွင် ပိတ်မိနေခြင်းဖြစ်ကြောင်း သိရသည်။
အဲဒီပိတ်မိတဲ့ သူတွေ ကိစ္စနဲ့ပတ်သက်လို့ လဝက က အထက်ကို ဆက်ပြီး တင်ပြထားတယ်လို့ သိရတယ်
ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။
တာချီလိတ်ဘက်သို့ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားမှနေ၍ ထိုင်းနိုင်ငံသားများကို နယ်စပ်ဖြတ်သန်းခွင့်ဖြင့် လည်းကောင်း၊ တတိယနိုင်ငံသားများကို ဗီဇာ၊ ပြည်ဝင်ခွင့်လက်မှတ်(Entry Permit)ဖြင့်လည်းကောင်း ဝင်ရောက် လည်ပတ်ခွင့်ပြုထားခြင်းဖြစ်ရာ ထိုင်းနိုင်ငံဘက်မှတစ်ဆင့် တာချီလိတ်ဘက်သို့ Entry Permit ဖြင့် ဝင်လာသည့် တရုတ်နိုင်ငံသားများမှာ ထိုင်းနိုင်ငံဘက် ပြန်ဝင်၍မရသဖြင့် တာချီလိတ်တွင် ပိတ်မိနေခြင်းဖြစ်ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တိုးလာနေသည့် ထိုင်းနိုင်ငံက မြန်မာနိုင်ငံနှင့် နယ်စပ်ဝင်ထွက်ပေါက်များကို မပိတ်သော်လည်း တရုတ်နိုင်ငံသားများ နယ်စပ်ဝင်ထွက်ပေါက်များမှ ဝင်လာခြင်းကို ကန့်သတ်ထားခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်