တာချီလိတ်မြို့တွင် လုယက်မှုနေ့စဉ် လုပ်ဆောင်နေသည့် လင်မယားစုံတွဲကို တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိ၍ ဒေသခံများက အချင်းချင်း သတိပေးနေရ

တာချီလိတ်မြို့တွင် လုယက်မှုနေ့စဉ် လုပ်ဆောင်နေသည့် လင်မယားစုံတွဲကို တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိ၍ ဒေသခံများက အချင်းချင်း သတိပေးနေရ
စက်တင်ဘာ 30, 2024 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် စက်တင်ဘာလအတွင်း လင်မယားစုံတွဲ (၂)ဦး၏ လုယက်မှု ဆက်လက်ဖြစ်ပွားနေသော်လည်း တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့က ဖော်ထုတ် ဖမ်းဆီးနိုင်စွမ်းမရှိ ဖြစ်နေ၍ သွားလာသတိထားကြရန် ဒေသခံများက လူမှုကွန်ရက်ကနေ အချင်းချင်း အပြန်အလှန် သတိပေးနေကြရသည့်အဖြစ် ဖြစ်နေသည်။ 

"တာချီလိတ်မြို့မှာ လုယက်မှု အမျိုးမျိုးကြောင့် လုံခြုံမှု မရှိတော့တာ အတော်ကြာပြီ နေ့ဖြစ်စေ ညဖြစ်စေ အပြင်ထွက်သွားလာရင်တော့ ပိုက်ဆံအိတ်ထည့်ထားတဲ့ အိတ်ကို တစောင်းလည်း မလွယ်ထားနဲ့ ဆိုင်ကယ်ခြင်းထဲလည်း မထည့်ထားနဲ့ အကောင်းဆုံးက ဆိုင်ကယ် ဖင်ထိုင်ခုံအောက်မှာထည့်ထားတာ အကောင်းဆုံးပဲ။ ကျွန်မဆိုရင် အပြင်သွားပြီဆိုတာနဲ့ ပိုက်ဆံအိတ်ကို ဆိုင်ကယ်ဖင်ထိုင်ခုံအောက်ထဲ ထည့်သွားတာ။ ဖြစ်လာရင် ကိုယ်တိုင်ပဲ ခံရတာ။ ရဲတွေက ဘာမှ လုပ်ပေးတာမဟုတ်ဘူး။"ဟု ဒေသခံ အမျိုးသမီးတစ်ဦးက လူမှုကွန်ရက်တွင် အသိပေးမျှဝေ ပြောကြားထားသည်။

တာချီလိတ်မြို့တွင် လင်မယားနှစ်ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် မြို့တွင်းပတ်သွားကာ လုယက်မှုများကို ကျူးလွန်နေခြင်း ဖြစ်သလို တခါတရံတွင် ဆိုင်ကယ်အလယ်၌ ၎င်းတို့၏ ကလေးငယ်တစ်ဦးကို တင်ဆောင်ပြီး လုယက်လေ့ရှိသည်ဟုလည်း လုယက်ခံရသူများ၏ ပြောပြချက်ရ သိရသည်။

"ဒီလင်မယားနှစ်ယောက်အတွဲ က အတော်လေးကို ကြမ်းနေတယ်လို့ ပြောရမလိုဘဲ။ တခါတလေ ဆိုင်ကယ်ပေါ်မှာ ကလေးငယ်လေးပါ ပါသေးတယ်။ ခံလိုက်ရသူတွေက အမျိုးသမီးတွေ ပိုများတယ်။ သူတို့က ဆိုင်ကယ်နားကို ကပ်လာပြီး ဆွဲလု မောင်းပြေးတာ။ ကျွန်တော့် အသိကောင်မလေးတွေဆိုလည်း အဲ့လို ခံရတာ နှစ်ယောက် သုံးယောက်လောက်ရှိပြီ။ တစောင်းလွယ်ထားတဲ့ အိတ်ကို ဆွဲလုသွားတော့ ဖုန်းနဲ့ပိုက်ဆံအိတ်တွေ ပါသွားတာ။ ပစ္စည်းလည်း လုခံရသလို ဆိုင်ကယ်လဲလို့ ဒဏ်ရာလည်း ရခဲ့ကြရတယ်"ဟု ဒေသခံ အမျိုးသားတစ်ဦးက Tachileik News Agency သို့ စက်တင်ဘာလ(၃၀)ရက်နေ့တွင် ပြောသည်။

 

တာချီလိတ်မြို့တွင် နောက်ဆုံး ဖြစ်စဉ်အနေဖြင့် ၂၀၂၄ခုနှစ်် စက်တင်ဘာလ(၂၉)ရက်နေ့ ည(၇)နာရီဝန်းကျင်အချိန်က တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း ဝမ်မိုင်ရွာသွားလမ်းတွင် အမျိုးသမီးတစ်ဦး ဆိုင်ကယ်ဖြင့် အိမ်သို့ ပြန်လာစဉ် အဆိုပါ လင်မယားအတွဲက အနီးသို့ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး အိတ်အား လှမ်းဆွဲလုသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

အဆိုပါ ဖြစ်စဉ်တွင်  ပိုက်ဆံအိတ်မပါသွားသော်လည်း ဆိုင်ကယ်တိမ်းမှောက်သွားခြင်းကြောင့် မျက်နှာနှင့် လက်၊ ခြေထောက်တို့တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ခိုးဆိုးလုယက်မှုများနှင့် ကြုံလာသည့်အချိန် သက်ဆိုင်ရဲ စခန်းသို့ သွားရောက် အသိပေး တိုင်ကြားသော်လည်း ရဲတပ်ဖွဲ့က ကိုယ်လွတ်ရုန်းနေကြသည့်အတွက် ထိရောက်မှုမှရှိဟု ဒေသခံများက ဆိုသည်။



"လုခံရလို့ ရဲစခန်းသွားတိုင်တော့။ မင်းတို့ ဒီကိစ္စကို facebook တွေ သတင်းဌာနတွေပေါ် မတင်နဲ့။ ငါတို့ရအောင် ရှာပေးမယ်ဆိုပြီး ပြောတယ်။ အဲ့လိုပဲ ပြောတာ။ တကယ်တမ်းက ဘာမှမလုပ်ပေးဘူး။ ကျွန်တော့် ဆိုင်ကယ် လုခံရတုန်းက သွားပြောတာ အခုထိပဲ အတော်ကြာနေပြီ ဘာအစအန မှ မသိရဘူး။ ရဲတပ်ဖွဲ့က ဘာမှ အားကိုးလို့မရဘူး။ သူတို့ ငွေရလမ်းကြောင်းနဲ့  KTV တွေကိုပဲ စိတ်ဝင်စားတယ်။ လက်တွေ့မှာ စွမ်းစွမ်းတမံလုပ်တာ ဘာတခုမှ မရှိသလောက်ဘဲ"ဟု ဆိုင်ကယ်လုခံရမှုကြောင့် ရဲတပ်ဖွဲ့ထံ အကူအညီတောင်းခဲ့သော်လည်း ဘာအကူအညီမှ မရသည့် အမျိုးသားတစ်ဦးက ပြန်လည်ပြောပြသည်။

တာချီလိတ်မြို့တွင် ခိုးဆိုးလုယက်မှုများမှာ ပပျောက်သွားခြင်းမရှိဘဲ ယခု စက်တင်ဘာလအတွင်း၌ ရေကြီးရေလျှံမှု နှင့် ကြုံခဲ့ရသည့် နေအိမ်များသို့ ဝင်ရောက် ခိုးယူခြင်း၊ လမ်းသွား လမ်းလာများကို လူပြတ်လပ်ချိန်တွင် လုယက်ခြင်းများအဖြစ် ဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရသည်။