ရင်နင့်စရာ ဖခင်မေတ္တာ ( ဖြစ်ရပ်မှန် ဆောင်းပါး )

ရင်နင့်စရာ ဖခင်မေတ္တာ ( ဖြစ်ရပ်မှန် ဆောင်းပါး )
ဇူလိုင် 29, 2013 | ဆောင်းပါး
By သန်းသန်းဌေး

                   မိဘဆိုတာ သားသမီးတွေကို ဝမ်းတွင်းမှာ သန္ဓေတည်စက သားလား၊ သမီးလား မသိခင်ကတည်းက ဂရုတစိုက်နဲ့ ချစ်လာကြတယ် မဟုတ်လား။ မိခင်မေတ္တာကြီးမားသလို ဖခင်မေတ္တာကြီးမားတဲ့ အဖေ့မေတ္တာလေးနဲ့ ရင်နင့်စရာ ဖြစ်ရပ်မှန်လေးကို သိစေချင်လို့ အခုလို ဝေမျှလိုက်ရပါတယ်။

မိဘဆိုတာ သား/သမီး ဘယ်နှစ်ယောက်ဘဲရှိရှိ ဘယ်လောက်ဘဲဆင်းရဲပါစေ သားသမီးတွေကို ကျွေးမွေးပြုစု ကျောင်းထားပြီး အသက်အရွယ်လေး ရောက်လာတော့ အိမ်ထောင်ချထားပေး တာဝန်တွေ ကျေခဲ့ကြပါတယ်။ သားသမီးပေါ်မှာထားတဲ့ မေတ္တာဟာလဲ နှိုင်းတုမရနိုင်ပါဘူး။ စကားပုံလေးတခုပေါ့။ မိဘနှစ်ပါးက သားသမီးဆယ်ယောက်ကို ကျွေးမွေးစောင့်ရှောက်နိုင်ပေမယ့် သားသမီးဆယ်ယောက်ဟာ ဒီမိဘနှစ်ယောက်ကို ကျွေးမွေးစောင့်ရှောက်နိုင်တယ်ဆိုတာ ခက်ခဲလှပါတယ်။

၂၀၁၃ခုနှစ် ဇွန်လ ၂၀ရက်နေ့ ညနေပိုင်း အချိန်လေးမှာ အစ္စလာမ်ဘာသာဝင် အမျိုးသမီးလေးတစ်ယောက် ကျွန်မတို့ မဇ္ဈိမလူမှုကူညီရေးအသင်းကို လာရောက် အကူအညီ တောင်းခဲ့ပါတယ်။ လူတစ်ယောက် ရှမ်းရိုးမကုန်တိုက် နံဘေးမှာ အသဲအသန်ဖြစ်နေလို့ ကြည့်မဲ့သူမရှိတဲ့အတွက် ကူညီပေးနိုင်မလားဆိုလို့ ကျွန်မရယ် သူငယ်ချင်း အသင်းသူတစ်ယောက်ဖြစ်တဲ့ မသီတာနဲ့ သွားကြည့်ခဲ့ပါတယ်။

ရှမ်းရိုးမကုန်တိုက်ထဲက နေရာကိုရောက်သွားတဲ့အခါမှာ အသက်ကို မဝတဝရှူနေရတဲ့ ဦးလေးကြီးတစ်ယောက်ကို တွေ့ရပါတယ်။ သူ့ရဲ့နံမည်က ဦးစော.... လို့ခေါ်ပါတယ်။ အခြေအနေမကောင်းတဲ့အတွက် ဥက္ကဌနဲ့ အသင်းကို အကြောင်းကြားပြီး ကျွန်မတို့ ပြည်သူ့ဆေးရုံကို တင်ပြီး ဆေးကုသပေးခဲ့ကြပါတယ်။ သွေးဝမ်းတွေကလဲ သွားလို့ပါဘဲ ။ သူ့ရဲ့ရောဂါကို မေးကြည့်တော့ အသည်းလည်းမကောင်း၊ အစာအိမ်လည်းသွေးကြောပေါက်တဲ့အတွက် သွေး(၄)ပုလင်းသွင်းပေးပြီး ဆေးဆက်တိုက် ကုသပေးခဲ့ရပါတယ်။

၁ပတ်လောက်နေတော့ သက်သာလာပါတယ်။ ဦးလေးမှာ သားသမီးမရှိဘူးလားလို့ မေးကြည့်တော့ ရှိကြောင်းပြောပါတယ်။ အကြောင်းကြားပေးရမလားမေးတော့ သမီးလေးနဲ့ သားများက တဖက်ထိုင်းနိုင်ငံ ချင်းရိုင်းမြို့မှာနေကြောင်းနဲ့ ယခုမှ မီးဖွားပြီးစအချိန်ဖြစ်တာမို့ အကြောင်းမကြားရန်ပြောခဲ့ပါတယ်။ ဖခင်မေတ္တာပါဘဲ။ သားသမီးစိတ်ပူပန်မှာစိုးလို့တဲ့၊ နောက် ကျွန်မသူ့ရဲ့သမီး မနွေး.... ဆိုသူနဲ့ အဆက်အသွယ်ပြုခဲ့ပါတယ်။ နွေးနွေးဟာသမီးလေးတစ်ယောက် ၂နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ မီးဖွားစအချိန် မဟုတ်ပါဘူး။ ဒါဟာဖခင်တစ်ယောက်ရဲ့ သားသမီးကို အပူမီးမပေးချင်တဲ့ ဆန္ဒနဲ့ လိမ်ခဲ့ခြင်းဖြစ်ပါတယ်။

 

နောက်တော့ ဆေးကုသမှုခံယူပြီး ဇူလိုင်လ ၁၃ရက်နေ့မှာ ဆေးရုံကဆင်းပြီး သူနေခဲ့တဲ့ ရှမ်းရိုးမကုန်တိုက်ကြီးနံဘေးမှာ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ အားမရှိသေးတဲ့အတွက် ကျွန်မနဲ့တကွ သူငယ်ချင်းအသင်းသူ၊ အသင်းသားဖြစ်တဲ့ ကိုတင်အေး၊ မသီတာ၊ ကိုနေမျိုးတို့နဲ့အတူ တလှည့်စီ သွားရောက် အာဟာရကျွေးမွေးပြီး လိုအပ်တာ ဆက်လက် ကူညီစောင့်ရှောက်ခဲ့ပါတယ်။

တာချီလိတ်မြို့ရှမ်းရိုးမ ကုန်တိုက်နံဘေးမှာနေတဲ့ သူတွေကတော့ ပိုင်ရှင်ဆွေမျိုးမရှိ၊ ကြည့်ရှူ့မဲ့သူ မရှိတဲ့သူတွေ အထူးသဖြင့် အိမ်ခြေရာခြေမဲ့သူတွေ နေထိုင်ကြတာပေါ့။ သားသမီး(၄)ယောက်ရှိပါလျက်နဲ့ လမ်းဘေးမှာနေရတဲ့ ဦးစော... ရဲ့ ဖခင်ဘဝဟာ ရင်နာစရာပါဘဲ။ ကြည့်ရှူ့မဲ့သူဝေးလို့ အနီးအနားဆိုင်ခန်းတွေက ကျွေးတဲ့ အစာလေးစားရင်း အသက်ရှင်ခဲ့ရတယ်။ ကျွန်မလည်းဘယ်ဘဝက အမျိုးတော်စပ်ခဲ့သလဲမသိပါဘူး။ ရင်ထဲမှာ စာနာစိတ်၊ သနားစိတ်က ထိန်းမရတဲ့အတွက် နေ့စဉ် ငှက်သိုက်ဘူးတိုက်ကျွေး အာဟာရဖြည့်ခဲ့ပါတယ်။

ယင်ကောင်တွေ ဝိုင်းဝိုင်းလည်ပြီး၊ ခြင်တွေကိုက်နေတဲ့ ဦးစော.... ကို မကြည့်ရက်တာနဲ့ ယိုးဒယားခြင်ထောင်အိမ်ကလေးတစ်လုံးဝယ်ပြီး ခြင်ထောင်နဲ့ ထားပေးခဲ့ပါတယ်။ နေ့စဉ် ဆီးဝမ်းတွေ မနိုင်တဲ့အတွက် အသင်းသား ကိုတင်အေး အကူအညီနဲ့ နေ့စဉ်သွားရောက် ကြည့်ရှူလဲလှယ်ပေးပြီး ကုသိုလ်ယူပါတယ်။ တကယ်တော့ လမ်းဘေးမှာ နေသူတစ်ယောက် ကျွန်မတို့နဲ့ ဘာမှမဆိုင်ဘူးလို့တွေးပြီး ပစ်ထားလို့ရပေမယ့် ကျွန်မတို့ နှလုံးသားထဲက လာတဲ့ ဖြူစင်တဲ့ အကြင်နာ၊ စေတနာ၊ စာနာမှု က တားမရတဲ့ အတွက် သွေးမတော် သားမစပ် ဦးစော.... ကို မိဘသဖွယ် ကိုယ်ချင်းစာစိတ်နဲ့ ပြုစုစောင့်ရှောက်ခဲ့ကြပါတယ်။

ကံကြမ္မာက ၂၅ရက် ဇူလိုင်လ ၂၀၁၃ ညနေ ၄နာရီ ၁၅မိနစ် မှာတော့ ဦးစော.... ကွယ်လွန်ခဲ့ရပါတယ်။ ဖခင်တစ်ယောက်ရဲ့ နောက်ဆုံးအချိန်မှာ သူ့သမီး နွေးနွေးနဲ့ ကျွန်မ ဖုန်းပေးဆက်ခဲ့ပါတယ်။

သူပြောတဲ့စကား ကျွန်မပြန်ကြားမိပါတယ်။ “အဖေလေ အခု ငှက်သိုက်လည်းနေ့စဉ်သောက်ရတယ်၊ ခြင်ထောင်နဲ့လည်း နေရတယ် အဖေသက်သာပါတယ် သမီးကြီးရယ် စိတ်မပူပါနဲ့ ” လို့ မသေခင်ညမှာ သမီးဖြစ်သူ မနွေး....ကို ဖုန်းပြောခဲ့ပါတယ်။ ဒါဟာ သေခါနီး နောက်ဆုံးအချိန်ဖြစ်နေတာတောင် သမီးလေး ပူပန်စိုးရိမ်မှာစိုးတဲ့အတွက် ဖခင်တစ်ယောက်ရဲ့ စေတနာမေတ္တာပါဘဲ။ သူဆုံးပါးသွားတဲ့ နောက်ဆုံးခရီးမှာ သမီးမနွေး...... လာနိုင်မလားလို့ ကျွန်မမေးကြည့်ပါတယ်။ သူလာဖို့မလွယ်ကြောင်း၊ အကိုနဲ့မောင်လေးကလည်း အဖေနေမကောင်းကြောင်းသိလို့ တာချီလိတ်အပြန်လမ်းမှာ အလုပ်သမားကဒ် မရှိတဲ့အတွက် ထိုင်းရဲများဖမ်းထားခြင်းခံရကြောင်း ပြောပြပါတယ်။ နောက်ဆုံးအချိန်မှာတောင် သားသမီး (၄)ယောက်ရှိရက်နဲ့ တစ်ယောက်မှ မလာနိုင်ကြဘူး။ နောက်ဆုံးချိန်ထိ မပြုစုကြရဘူး။ ပိုင်ရှင်မဲ့အဖြစ် လမ်းဘေးမှာနေ၊ လမ်းဘေးမှာသေသွားခဲ့ရတဲ့ ဦးစော.... ရဲ့ ဖခင်ဘဝဟာ ရင်နင့်စရာပါဘဲ။

ကျွန်မရင်ထဲမှာ ပြောနေမိပါတယ်။ “အရက်သမားဘဲဖြစ်ဖြစ် သူတောင်းစားဘဲဖြစ်ဖြစ် အဖေဟာ အဖေပါဘဲ” ၊ အဖေဟာ သားသမီးတွေ အရွယ်ရောက်တဲ့အထိ တာဝန်ကျေပြုစုစောင့်ရှောက်ခဲ့ပေမယ့် ဒီအဖေအတွက် နားခိုစရာလေးတစ်နေရာတောင်မှ မပေးနိုင်ခဲ့တဲ့ သားသမီးတွေအတွက် ရင်နာမိပါတယ်။ ဦးစော....  အသုဘကို ဇူလိုင်လ၂၅ ရက်နေ့ ညနေ၆နာရီမှာ မြို့မသုသာန်သို့ ပို့ဆောင် သဂြိုဟ်ခဲ့ကြပါတယ်။

မသေခင်မှာချစ်ကြပါ။ မသေခင်မှာ ပြုစုပါ။ မသေခင်မှာ နားခိုခွင့်ပေးပါ။ မသေခင်မှာ ကျေးဇူးဆပ်ကြပါလို့ တလောကလုံးမှာ ရှိတဲ့ သားသမီးတွေကို ပြောလိုက်ချင်ပါရဲ့။

ကျွန်မတို့ မဇ္ဈိမလူမှုကူညီရေးအသင်းရဲ့ ပြုသမျှ ကုသိုလ်တွေကို ဘဝဘဝက တော်စပ်ခဲ့တဲ့ ဦးစော.... ကောင်းရာဘဝရောက်ရှိပြီး သာဓုခေါ်နိုင်ရန် အမျှပေးဝေလိုက်ပါတယ်။

နောင်ဘဝတွေများ ရှိခဲ့ရင် ပိုင်ရှင်ရှိပေမယ့် ပိုင်ရှင်မဲ့ဘဝ ဖြစ်ခဲ့ရတဲ့ အဖေတစ်ယောက် မဖြစ်ပါစေနဲ့လို့ ကျွန်မတို့ဆုတောင်းပေးလိုက်ပါတယ်။ ဦးစော.... ကောင်းရာသုဂတိလားပါစေ လို့ ဆုတောင်းမေတ္တာပို့နေမိပါတော့တယ်။

ဆောင်းပါးရှင်။      ။ ဒေါ်သန်းသန်းဌေး ( မဇ္ဈိမလူမှု့ကူညီရေးအသင်း )