ထိုင်းနိုင်ငံ ချင်းရိုင်းတွင် မိခင်ဖြစ်သူအားသတ်ပြီး အပိုင်းပိုင်းဖြတ်တောက်ကာ ရေခဲပုံးအတွင်းထည့်ထားမှု ဖြစ်ပွား
ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်တွင် မိခင်ဖြစ်သူကို အပိုင်းပိုင်းဖြတ်တောက်ကာ ရေခဲပုံးအတွင်း ထည့်သွင်းထားသည့် အမျိုးသားတစ်ဦးကို ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၈)ရက်နေ့တွင် ဖမ်းမိထားပြီး မိခင်ဖြစ်သူက ၎င်းအား သမီးဖြစ်သူနှင့် လိင်ပိုင်းဆိုင်ရာ စွပ်စွဲမှုပြုလုပ်သဖြင့် သတ်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုကြောင်း သိရသည်။
သတင်းအရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ တစ်ထပ်အိမ် တစ်အိမ်အတွင်း ရေခဲပုံးထဲတွင် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများ ဖြတ်တောက် ထည့်သွင်းထားသည်ကို တွေ့ခဲ့ရခြင်းဖြစ်ပြီး သေဆုံးသူမှာ အသက် (၅၆) နှစ်အရွယ် အမျိုးသမီးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အသက် (၃၄) နှစ်အရွယ် သားဖြစ်သူက လူသတ်မှုကျူးလွန်ပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးထံ သွားရောက် ဝန်ခံခဲ့သဖြင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မိခင်ဖြစ်သူက ၎င်းအား အသက် (၁၅)နှစ်အရွယ် သမီးဖြစ်သူနှင့် လိင်ပိုင်းဆိုင်ရာ စွပ်စွဲမှုပြုလုပ်သဖြင့် သတ်ခဲ့ခြင်းဖြစ်ပြီး ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်တောက်ကာ ဦးခေါင်းကို တောထဲမြုပ်နှံထားသည်ဟု ထွက်ဆိုထားကြောင်း သိရသည်။
လက်ရှိတွင် လူသတ်မှုကျူးလွန်သူကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။