ထိုင်းနိုင်ငံ၊ ပတ္တူနမ်ရဲဌာန တာဝန်ရှိသူက အချုပ်ခန်းများကို နံရံဆေးရေးပန်းချီများ ရေးဆွဲပေးခြင်းဖြင့် အကျဉ်းကျနေသူများအား စိတ်ဖိစီးမှုလျှော့ချပေးရန် ကြိုးပမ်းလာသည့်အပြင် ငှက်ဖျားကာကွယ်နိုင်ရန် ခြင်ကာကွယ်ရေးပါ လုပ်ပေးသွားရန် စီစဉ်ထားသည်ဟု သိရသည်။
ပတ္တူနမ်ရဲဌာနမှ ရဲအရာရှိက အချုပ်ခန်းများအား လှည့်လည်စစ်ဆေးရင်း အချုပ်သားများအနေဖြင့် သံတိုင်များနောက်ကွယ်တွင် စိတ်ဖိစီးမှုများပြီး အချို့မှာ ရန်လိုသည့်စိတ်အခံများ ဖြစ်လာသည်ကို တွေ့ရသဖြင့် စိတ်ဖိစီးမှုလျှော့ချနိုင်ရေးအတွက် အချုပ်ခန်းများအနီးတွင် ရေပန်းများ၊ ပန်းပင်များ ထားရှိပေးထားသော်လည်း သက်ရောက်မှု မရှိလှကြောင်း တွေ့ခဲ့ရသည်ဟု သိရသည်။
ယင်းနောက် အချုပ်ထောင်နံရံတွင် ထင်ရှားလှသည့် စေတီပုထိုးများ၊ ရှုခင်းပုံများရေးဆွဲပေးခြင်းက စိတ်ဖိစီးမှု လျှော့ချနိုင်မည်ဟု စဉ်းစားမိသော်လည်း ပန်းချီဆရာငှားရမ်းခအတွက် ဘတ်ဂျက်မရှိသဖြင့် တက္ကသိုလ်ပါမောက္ခတစ်ဦးနှင့် တိုင်ပင်ရာမှ ပန်းချီရေးဆွဲပေးမည့် တက္ကသိုလ်ကျောင်းသား (၅)ဦး၏ အကူအညီကို ရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျောင်းသားများက ၂၀၁၉ ခုနှစ်၊ သြဂုတ်လကစပြီး အချုပ်ခန်းနံရံတွင် လှပသည့်ရှုခင်းပုံများ ရေးဆွဲပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အကျဉ်းထောင်အခန်းနံရံများကြောင့် အထီးကျန်မှုကို မခံစားရစေရန် ပြင်ဆင်ခြင်းဖြင့် ပြစ်မှုကျူးလွန်၍ ဥပဒေအရ ပြစ်ဒဏ်ကျခံနေရသူများမှာလည်း အများသူငါကဲ့သို့ လူသားများဖြစ်၍ တတ်နိုင်သမျှ လူသားဆန်မှုကို ပြသနိုင်စေရန်ဖြစ်သည်ဟု သိရသည်။
Tachileik News Agency
Ref; PT News, Mono29News