တာချီလိတ်မြို့နယ်အတွင်း မယ်လိတ်ပါကော် - ဝှေလေလန်လမ်းတွင် မူးယစ်သယ်သည့် အဖွဲ့အား ပစ်ခတ်ဖမ်းဆီးမှုအတွင်း လူ(၂)ဦးနှင့် အိုက်စ်ကီလို (၆၀၀)ကျော် ဖမ်းမိ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မယ်လိတ်ပါကော် - ဝှေလေလန်ကျေးရွာချင်းဆက်လမ်းတွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၃)ရက်နေ့က မူးယစ်ဆေးသယ်သည့်အဖွဲ့အား ဖမ်းဆီးမှုအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အိုက်စ်ကီလို (၆၀၀)ကျော်နှင့် လူ(၂)ဦးကို ဖမ်းမိကြောင်း သိရသည်။
မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်၊ စစ်ဗျူဟာအဖွဲ့အခြေချ (တာချီလိတ်)နှင့် နယ်ခြားစောင့်တပ်တို့ ဦးဆောင်ပြီး သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သြဂုတ်လ (၁၃)ရက်နေ့က မယ်လိတ်ပါကော် - ဝှေလေလန်ကျေးရွာချင်းဆက်လမ်းတွင် စစ်ဆေးဖမ်းဆီးမှုပြုလုပ်ရာမှ ယင်းကဲ့သို့ ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။
ပူးပေါင်းအဖွဲ့က ဖတ်ဟိကျေးရွာဘက်မှ ဝမ်ဆောက်ခုံကျေးရွာဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် စိုင်းကျောက်အား စစ်ဆေးနေစဉ် မော်တော်ယာဉ်၏ ရှေ့နှင့်နောက်တွင် နံပါတ်ပြားတစ်မျိုးစီ တပ်ဆင်ထားသည့် Fortuner အမျိုးအစား အနက်ရောင်မော်တော်ယာဉ်တစ်စီး ထပ်မံရောက်ရှိလာသဖြင့် ဝိုင်းဝန်းဖမ်းဆီးရာ အဆိုပါ မော်တော်ယာဉ်၌ အိုက်စ်မူးယစ်ဆေး (၂၁၀) ကီလိုဝန်းကျင်ကို စစ်ဆေးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးသယ်သည့် လမ်းကြောင်းတွင် ရှေ့ပြေးအဖြစ် ဆိုင်ကယ်မောင်းနှင်လာသည့် စိုင်းကျောက်နှင့် မူးယစ်ဆေးသယ်သည့် မော်တော်ယာဉ် မောင်းနှင်သူ စိုင်းနော်ခမ်းတို့အား ဖမ်းဆီးပြီး မူးယစ်ဆေးနှင့် ယာဉ်များအား ရှာဖွေဖြင့် သိမ်းဆည်းနေစဉ် Alphard အမျိုးအစား မော်တော်ယာဉ်အဖြူတစ်စီး ရောက်လာကာ မောင်းနှင်ထွက်ပြေးသွားသဖြင့် ပူးပေါင်းအဖွဲ့က လက်နက်ငယ်ဖြင့် (၁၀)ချက် ပစ်ခတ်ဖမ်းဆီးသော်လည်း ဆက်လက်မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။
ပူးပေါင်းအဖွဲ့က လိုက်လံဖမ်းဆီးရာ ဝမ်ဆောက်ခုံ (အာခါ)ရွာအဝင်လမ်းတွင် မော်တော်ယာဉ်ကို ထားခဲ့သည်ကို တွေ့ရသဖြင့် ရှာဖွေစစ်ဆေးရာ မူးယစ်ဆေးများမတွေ့ရ၍ အနီးဝန်းကျင်အား တောနင်းရှာဖွေရာ မော်တော်ယာဉ်နှင့် ကိုက် (၅၀)ဝန်းကျင်အကွာ လျှိုတစ်ခုအတွင်း၌ အိုက်စ်မူးယစ်ဆေး (၇၈)ကီလိုဝန်းကျင်ကို ထပ်မံသိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။
ဝမ်ဆောက်ခုံ(အာခါ)ကျေးရွာဝန်းကျင်ကို အသေးစိတ်ဆက်လက်ရှာဖွေရာ ကျေးရွာအနောက်ဘက် ကိုက် (၅၀)ဝန်းကျင်ရှိ ရာဘာခြံအတွင်း Chevrolet အဖြူရောင်ယာဉ်အတွင်းမှ အိုက်စ်မူးယစ်ဆေး (၃၃၈)ကီလိုကို ထပ်မံသိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးမှုအတွင်း အိုက်စ်မူးယစ်ဆေးစုစုပေါင်း (၆၂၆)ကီလို၊ မော်တော်ဆိုင်ကယ် (၁)စီး၊ Forturner အနက်ရောင် မော်တော်ယာဉ် တစ်စီး၊ Alphard အမျိုးအစား မော်တော်ယာဉ်အဖြူတစ်စီး၊ Chevrolet အဖြူရောင်ယာဉ်တစ်စီးနှင့် လူ(၂)ဦးကို ဖမ်းမိထားပြီး ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်စစ်ဆေးဖေါ်ထုတ်နေကြောင်း သိရသည်။