ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ထိုင်းနိုင်ငံမှ ပြန်လာသူများအား (၁၄)ရက် Quarantine ပြီး၍ နေအိမ်ပြန်သွားသူများထဲမှ အမျိုးသမီး (၂)ဦးမှာ ဖျားနာလာသဖြင့် Covid-19 သံသယစောင့်လူနာအဖြစ် ဒီးမော့ဆိုမြို့နယ် ပြည်သူ့ဆေးရုံတွင် သီးခြားစောင့်ကြည့်ကုသနေကြောင်းသိရသည်။
အဲဒီလူနာတွေက မနေ့က စတက်တယ်။ ဖျားတယ်၊ ချောင်းဆိုးတယ်ပေါ့ဗျာ။ တူတူနေ တူတူသွား တူတူလာ ထိုင်းကနေပြန်လာတာပေါ့။ ထိုင်းကပြန်လာပြီး ဒီမှာ (၁၄)ရက်ပြည့်ပြီး နှစ်ရက်ကြာတော့ အဲဒီလိုဖြစ်လို့ ဆေးရုံတင်ထားတယ်။ နှာခေါင်းတို့ပတ် အာခေါင်တို့ပတ်ကို ဒီနေ့ ကျွန်တော်တို့ ရန်ကုန်ကိုပို့နေပါတယ်။ အဖြေကတော့ စောင့်ကြည့်ရမှာပေါ့ ။ ရိုးရိုးဖျားတာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်ထိုင်းက ပြန်လာကြတာဆိုတော့ ကျွန်တော်တို့စောင့်ကြည့်လူနာအဖြစ် ထားထားတယ်ပေါ့
ဟု ကယားပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ဧပြီလ (၁၁)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသိ့ု့ အတည်ပြုပြောသည်။
ဒီးမော့ဆိုမြို့နယ် ၊ ပန်ပဲ့ကျေးရွာအုပ်စု ရွမ်းကူကျေးရွာတွင် နေထိုင်သော အသက်(၁၉)နှစ် နှင့် (၃၇)နှစ်အရွယ် အမျိုးသမီးနှစ်ဦးမှာ ထိုင်းနိုင်ငံမှပြန်လာပြီး ပန်ပက်(အလက)ကျောင်းတွင် Ficility Quarantine အဖြစ် မတ်လ (၂၈)ရက်နေ့မှ ဧပြီလ (၇)ရက်နေ့ထိ နေထိုင်ခဲ့ပြီးနေအိမ်သို့ ပြန်သွားပြီးနောက် ဖျားခြင်း၊ ချောင်းဆိုးခြင်း ၊လည်ချောင်းနာခြင်း ၊အသက်ရှုကြပ်ခြင်းများ ဖြစ်လာသောကြောင့် ဧပြီလ (၁၀)ရက်နေ့တွင် မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့လာရောက် ပြသရာ Covid-19 သံသယလူနာအဖြစ်သတ်မှတ်ကာ သီးခြားစောင့်ကြည့်ကုသ နေကြောင်းသိရသည်။
လက်ရှိ ကယားပြည်နယ်တွင် Covid-19 သံသယလူနာအဖြစ် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် (၁)ဦးနှင့် ဒီးမော့ဆိုမြို့ ပြည်သူ့ဆေးရုံတွင် (၂)ဦး စုစုပေါင်း (၃)ဦးသာ ကျန်ရှိတော့ပြီး ယခင်က မြို့နယ် ပြည်သူ့ဆေးရုံများအလိုက် ထားရှိသော စောင့်ကြည့်လူနာများမှာရောဂါပိုးမတွေ့ရှိဘဲ သက်သာ လာခြင်းကြောင့် ဆေးရုံမှဆင်းခွင့်ပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း