မိုင်းတုံ နှင့် ထိုင်းနယ်စပ်တလျှောက်တွင် တရားမဝင်လုပ်ငန်းများ တားဆီးရေးအတွက် မြန်မာစစ်တပ်နှင့် ပူးတွဲလုပ်ဆောင်ရန် နှင့် TBC ဖွဲ့စည်းရန် ထိုင်းစစ်တပ်က ကမ်းလှမ်းထား

မိုင်းတုံ နှင့် ထိုင်းနယ်စပ်တလျှောက်တွင် တရားမဝင်လုပ်ငန်းများ တားဆီးရေးအတွက် မြန်မာစစ်တပ်နှင့် ပူးတွဲလုပ်ဆောင်ရန် နှင့် TBC ဖွဲ့စည်းရန် ထိုင်းစစ်တပ်က ကမ်းလှမ်းထား
သြဂုတ် 19, 2024 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း မြန်မာ - ထိုင်းနယ်စပ်ဒေသ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်နှင့် ထိစပ်နေသည့် မိုင်းတုံ နယ်စပ်တလျှောက်တွင် တရားမဝင်လုပ်ငန်းများ တားဆီးရန်နှင့် ပူးတွဲကင်းလှည့်ခြင်းများကို မြန်မာစစ်တပ်နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် နှင့် နယ်ခြားကော်မတီ(TBC)ဖွဲ့စည်းနိုင်ရန် ထိုင်းစစ်တပ်က မြန်မာစစ်တပ်ကို ကမ်းလှမ်းထားကြောင်း သိရသည်။

ထိုင်းစစ်တပ်အနေဖြင့် မြန်မာနိုင်ငံ မိုင်းတုံနှင့် ထိစပ်နေသည့် ချင်းမိုင်ခရိုင်နယ်စပ်တလျှောက်တွင် ဥပဒေမဲ့လုပ်ရပ်များအား တားဆီးကာကွယ်ရန် နှင့် မူးယစ်ဆေးဝါး သယ်ဆောင်မှုများ တားဆီးကာကွယ်ရန် အပြင် ထိုင်းစစ်တပ်နှင့် မြန်မာစစ်တပ် ပူးပေါင်းပြီး နယ်စပ်တလျှောက် ကင်းလှည့်ရန်အတွက် မြန်မာစစ်တပ်ကို ကမ်းလှမ်းထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ်အတွင်းကလည်း ချင်းမိုင်ခရိုင်နှင့် ထိစပ်နေသည့် မိုင်းတုံ နယ်စပ်တလျှောက်တွင် မြန်မာစစ်တပ်နှင့်ထိုင်းစစ်တပ်တို့ ပူးပေါင်း ကင်းလှည့်ခြင်းများ လုပ်ဆောင်ခဲ့သေးကြောင်းလည်း သိရသည်။

စစ်ဗျူဟာအဖွဲ့ (အခြေချ)မိုင်းတုံ အပါအဝင် စစ်တပ်(၉)တပ်ရှိသည့်မိုင်းတုံမြို့နယ် နှင့် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်၊ ချိန်းဒေါင်းမြို့နယ်တို့အကြား တာချီလိတ် နှင့် မယ်ဆိုင် ကဲ့သို့ မြို့နယ်အဆင့်နယ်ခြားကော်မတီ(TBC) ဖွဲ့စည်းနိုင်ရန်အတွက်လည်း ထိုင်းဘက်က ကမ်းလှမ်းထားကြောင်း  သိရသည်။

ထိုင်းဘက်အနေဖြင့် တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့်နယ်ခြားကော်မတီ ကဲ့သို့ မိုင်းတုံ - ချိန်းဒေါင်း မြို့နယ်အဆင့်နယ်ခြားကော်မတီကို ဖွဲ့စည်းပြီး ထိုင်းဘက် ချိန်းဒေါင်းမြို့နယ်၊ အနရိုးထိုင်းရွာတွင် အခြေပြုရန် အဆင်သင့်ဖြစ်နေသော်လည်း ဗဟိုချုပ်ကိုင်မှုဖြင့် အုပ်ချုပ်နေသည့် မြန်မာဘက်တွင်မူ ယင်းကိစ္စအတွက် ၂၀၂၄ခုနှစ် ဩဂုတ်လအထိ ထိုင်းဘက်သို့ အကြောင်းပြန်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

"ထိုင်းဘက်ကတော့ မိုင်းတုံနဲ့ ပတ်သက်ပြီး တာချီလိတ် နဲ့ မယ်ဆိုင်လိုမျိုး TBC ဖွဲ့စည်းဖို့ အားသန်နေသလို အဆင်သင့်လည်း ဖြစ်နေတဲ့သဘောပေါ့။ အဲ့ကိစ္စကိုလည်း ၂၀၂၃ခုနှစ် ဇွန်လကတည်းက ထိုင်းဘက်က ကမ်းလှမ်းထားတာ ကျွန်တော်တို့ မြန်မာဘက်ကတော့ သိတဲ့အတိုင်း အထက်က ဘာမှ ပြောမလာရင် ဘာမှလုပ်လို့ မရသေးဘူး။ လောလောဆယ် ထိုင်းဘက်က ကမ်းလှမ်းထားတဲ့ နှစ်ဖက် တပ်ပူးပေါင်းပြီး ကင်းလှည့်တာတွေနဲ့ တရားမဝင်လုပ်ငန်းတွေ တားဆီးကာကွယ်ရေးတွေအတွက်ကတော့ အဆင်ပြေပါတယ်"ဟု စစ်တပ်ဘက်ရေးရာမှ အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ ၂၀၂၄ခုနှစ် ဩဂုတ်လ(၁၉)ရက်နေ့တွင် ပြောသည်။

ထိုင်း နှင့် မြန်မာ နယ်စပ်ရှိ မြို့နယ်များအချင်းချင်း ပူးတွဲ ဖွဲ့စည်းထားကြသည့်  မြို့နယ်အဆင့်နယ်ခြားကော်မတီ  ( Township Border Committee - TBC )တွင် အဓိက အားဖြင့် ဥက္ကဌ နေရာကို စစ်တပ်ဘက်က ဒုဗိုလ်မှူးကြီး အဆင့် နှင့် အတွင်းရေးမှူးနေရာကို ဗိုလ်ကြီးအဆင့်တို့က နေရာယူထားပြီး အဖွဲ့ဝင်အဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် မြို့နယ်လဝကမှူးတို့ ပါဝင်သော်လည်း ၎င်းတို့ မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိဘဲ စစ်တပ်ကသာ ဆုံးဖြတ်ပိုင်ခွင့် ရှိခြင်း ဖြစ်သည်။