ကျောက်မဲမြို့အဝင်တွင် ဆိုင်ကယ်ဖြင့် လာသည့် အမျိုးသားထံက မူးယစ်ဆေးဝါးများ ဖမ်းမိ
ရှမ်းပြည်နယ် ( မြောက်ပိုင်း ) ကျောက်မဲမြို့၊ အိုရီယမ်တယ်ဟိုက်ဝေးတိုးဂိတ်အဝင်တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့ ညနေပိုင်းက သီပေါဘက်မှ ကျောက်မဲဘက်သို့လာသည့် ဆိုင်ကယ်တစ်စီးအား စစ်ဆေးရာမှ စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူတို့ကို ဖမ်းမိကြောင်း သိရသည်။
စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်၊ ခွဲ (၁) စု (၃)၊ ခမရ ( ၅၀၂ ) နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များပါဝင်သည့်အဖွဲ့က စစ်ဆေးရေး ပြုလုပ်နေစဉ် ညနေ (၅)နာရီခွဲဝန်းကျင်တွင် သီပေါဘက်မှ ကျောက်မဲဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးအား တားမြစ်စစ်ဆေးရာမှ စိတ်ကြွဆေးပြား (၉၇၀)ပြားနှင့် ဘိန်းဖြူ (၂၂၀) ဂရမ်တို့ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိသည့် စိုင်းဘအောင်အား ကျောက်မဲမြို့မရဲစခန်းတွင် မယ( ပ ) ၅၁/ ၂၀၂၀ ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ- ၁၉ ( က ) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Tachileik News Agency