နေပြည်တော်ရှိ ဝန်ထမ်းအိမ်ယာများလည်း ငလျင်ဒဏ်ကြောင့်ပျက်စီးပြီး လူသေဆုံးမှုရှိဟု စစ်ကောင်စီထုတ်ပြန်

နေပြည်တော်ရှိ ဝန်ထမ်းအိမ်ယာများလည်း ငလျင်ဒဏ်ကြောင့်ပျက်စီးပြီး လူသေဆုံးမှုရှိဟု စစ်ကောင်စီထုတ်ပြန်

နေပြည်တော်ရှိ ဝန်ထမ်းအိမ်ယာများတွင်လည်း ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသူရှိသည်ဟု စစ်ကောင်စီ၏ သတင်းဌာနများက ယနေ့ ၂၀၂၅ခုနှစ် မတ်လ (၃၀)ရက်နေ့တွင် ထုတ်ပြန်သည်။ 

နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာများဖြစ်သည့် ခရေအိမ်ရာ တိုက်အမှတ်(၁၃၂)၊ (၁၃၃)၊ (၁၃၄)၊ ဧက ၁၀၀၀ တိုက်အမှတ်(၁၃၂၂)၊ (၁၃၂၇)၊ တိုက်အမှတ်(၁၃၀၇)တို့မှာ ပြိုကျပျက်စီးခဲ့ပြီး တိုက်အမှတ်(၁၃၀၇) ပြိုကျမှုတွင် လူသေဆုံးမှုရှိသည်ဟု ဆိုသည်။ 

 

အဆိုပါတိုက်များမှ ဝန်ထမ်းများကို အားကစားကွင်းကဲ့သို့ ကျယ်ပျံ့သည့်နေရာများတွင် ရွက်ဖျင်တဲများဆောက် လုပ်နေရာထားပေးမည်ဖြစ်ပြီး ဆေးဝါးရိက္ခာများလည်း ဖြည့်ဆည်းပေးထားမည်ဟု စစ်ကောင်စီပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ဝန်ထမ်းများနှင့်တွေ့ဆုံစဉ်ပြောဆိုသည်။

ထိုအပြင် စစ်ကောင်စီဝန်ထမ်းများကို သုံးရေ၊ ယာယီအိမ်သာ ၊ တယ်လီဖုန်းအားသွင်းရန်ကိစ္စများ ဖြည့်ဆည်းပေးထားသည်ဟု ဆိုသည်။

သို့သော်လည်း စစ်ကောင်စီသည် ငလျင်ဒဏ်သင့် ဒေသများမှ ပြည်သူများကို ယနေ့အထိ နေစရာနှင့် စားနပ်ရိက္ခာများ ကူညီလှူဒါန်းပေးခြင်းမရှိသေးဟု ငလျင်ဒဏ်သင့်ပြည်သူများက Tachileik News Agency ကိုပြောသည်။

မတ်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းက (၇.၇)ပြင်းအားရှိ မြေငလျင်လှုပ်ခတ်ပြီးနောက် ယနေ့အထိ တစ်နိုင်ငံလုံး လူပေါင်း(၁၇၀၀)ဦးခန့်သေဆုံးပြီး ဒဏ်ရာရသူ (၃၄၀၀)ဦးနှင့် ပျောက်ဆုံးနေသူ (၃၀၀)ဦးခန့်ရှိသည်ဟု စစ်ကောင်စီ၏ ယနေ့ နေ့လယ်ပိုင်းထုတ်ပြန်ချက်အရ သိရသည်။

#TachileikNewsAgency