ပြည်သူအများ ငလျင်ဒဏ်သင့်နေချိန်တွင် စစ်ကောင်စီလော်ဘီများက သတင်းမှားဖြန့်ကာ ကူညီပေးမည့်သူအား ခြောက်လှန့်သည့် သတင်းမှားများ ဖော်ပြလာသည်။
မုံရွာမှ စစ်ကိုင်းသို့ ကယ်ဆယ်ရေးသွားသည့် ယာဥ်တန်းကို မြင်းမူအနီးတွင် PDF များက ချောင်းမြောင်းတိုက်ခိုက်သည်ဟု သတင်းမှား ဖြန့်ဝေထားသည်။
၎င်းတို့ဖော်ပြသည့် သတင်းဓာတ်ပုံတစ်ပုံမှာ မွန်ပြည်လွတ်မြောက်ရေးတပ်(MLA) Logo ပါသည့်ဓာတ်ပုံတစ်ပုံ အပါအဝင် ဓာတ်ပုံ(၃)ပုံဖြင့် ဝါဒဖြန့်လာခြင်းဖြစ်သည်။
ပြည်သူများ ငလျင်ဒဏ်သင့်၍ ထိခိုက်သေဆုံးမှုများနေချိန်တွင် စစ်ကောင်စီလော်ဘီများသည် လူသားမဆန်သည့် ဝါဒဖြန့်မှုများကြောင့် ငလျင်ဒဏ်သင့်ပြည်သူများအတွက် အခက်အခဲဖြစ်လာနိုင်သည်။
ထို့ပြင် မုံရွာမြို့ ဗောဓိတထောင်တွင် ငလျင်ကြောင့် ပြိုပျက်နေသည့် အဆောက်အဦးများတွင် ပိတ်မိနေသူများကို ကယ်ဆယ်ရေးလုပ်နေသူများအား ဒရုန်းဖြင့် PDF က ဗုံးကြဲတိုက်ခိုက်သည်ဟုလည်း သတင်းမှားဖြန့်ဝေနေသည်။
ကယ်ဆယ်ရေးယဥ်တန်းများ မြင်းမူမြို့နယ်အတွင်း ဖြတ်သန်းသွားလာခြင်းများမရှိကြောင်း၊ မြင်းမူမြို့နယ်အတွင်းတွင်လည်း ပြည်ထောင်စုလမ်းမကြီးတလျှောက် မိုင်းဆွဲတိုက်ခိုက်ခြင်းမရှိကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးကလည်း အသိပေးထားသည်။
NUG သည် ပြည်သူများ ငလျင်ဒဏ်သင့်နေချိန် တစ်နိုင်ငံလုံးထိုးစစ်ကို နှစ်ပတ်ကြာ ရပ်နားထားမည်ဖြစ်ကြောင်း ယမန်နေ့က သတင်းထုတ်ပြန် အသိပေးထားသည်။
#TachileikNewsAgency