ဘုန်းကြီးကျောင်းသားလုပ်နေသူကို ဦးလေးတော်စပ်သည့် ရဲတပ်ဖွဲ့ဝင်က တိုင်ကြားချက်ရသည်ဟုဆိုကာ ဖမ်းဆီး၍ စစ်မှုထမ်းစေခိုင်းခြင်းကြောင့် စစ်သင်တန်းပေးနေချိန် ထွက်ပြေးလွတ်မြောက်လာသည်ဟု ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော်ထံ ခိုလှုံလာသူက ပြောသည်။
စစ်ကောင်စီ၏ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းရသူတစ်ဦး ၂၀၂၅ခုနှစ် မတ်လ (၂)ရက်နေ့က ထွက်ပြေးလွတ်မြောက်လာကာ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်ထံ ခိုလှုံလာစဉ် ယင်းသို့ပြောဆိုခြင်းဖြစ်သည်။
“အရင်တုန်းက ရန်ဖြစ်ထားတာတွေနဲ့ ဝင်ပြီးခေါ်တာ မင်းဘာအပြစ်လုပ်ထားသေးတုန်းဆိုပြီးတော့။ အပြစ်မလုပ်ထားဘူးပြောတော့ အပြစ်မလုပ်ထားလဲ ခဏလိုက်ခဲ့ဦး မင်းကိုတိုင်ထားတဲ့သူရှိတယ်ဆိုပြီးတော့ ကျွန်တော့်ကို ခေါ်သွားတယ်။ ရဲတွေကလည်း သူစိမ်းတွေမဟုတ်ဘူး ကျွန်တော် အဘ ဝမ်းကွဲပေါ့။”ဟု ထွက်ပြေးလွတ်မြောက်လာသူက ပြောသည်။
၎င်းကို အုပ်ချုပ်ရေးမှူးနေအိမ်သို့ ခေါ်သွားမည်ဖြစ်ကြောင်း ဘုန်းကြီးအား ရဲတပ်ဖွဲ့က လိမ်လည်ခဲ့ကြပြီးနောက် စရဖရုံးကို တန်းပို့လိုက်ကြသည်ဟု ဆိုသည်။
“ကျွန်တော်က အဲဒီရုံးထဲ ဘာသွားလုပ်မလို့လဲလို့မေးတော့ မင်းကိုစစ်မှုထမ်းထဲခေါ်မလို့ပြောတော့ ကျွန်တော်က ဆိုင်ကယ်ကို ဆွဲလှဲပြီး ထွက်ပြေးဖို့ကြိုးစားတာ နောက်က ၆ ယောက်က သေနတ်နဲ့ဝိုင်းချိန်ထားတယ်။ ဘယ်လိုမှ လုပ်မရတာနဲ့ လိုက်သွားခဲ့ရတယ်။”ဟု ထွက်ပြေးလွတ်မြောက်လာသူက ပြောသည်။
ထို့နောက် စစ်မှုထမ်းရမည့်သူများအား ဝိုင်းဝန်းနှိပ်စက်ကြပြီး စစ်မှုထမ်းပါသူ(၄၀)ဦးနှင့်အတူ ဖျောက်ဆိပ်ပင်စစ် အင်ဂျင်နီယာတပ်ထံ ပို့ဆောင်ခံရသည်ဟု သိရသည်။
၎င်းအား စစ်သင်တန်းပေးနေချိန်တွင် (၈)ဦး ထွက်ပြေးလာခြင်းဖြစ်ပြီး (၂)ဦးကို ပြန်ဖမ်းမိကာ (၆)ဦး လွတ်မြောက်လာခြင်းဖြစ်သည်ဟု သိရသည်။
“ကျွန်တော်တို့အဖွဲ့ကို ဆက်သွယ်လာတာကြောင့် သွားရောက်ကူညီခေါ်ခဲ့ပါတယ်ဗျ။ ကျန်တဲ့ (၅) ဦးနဲ့ လမ်းကွဲသွားတယ်ပြောတယ်ဗျ။ လက်နက်မပါခဲ့ဘူး။”ဟု ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
၎င်းတို့သည် စစ်ကောင်စီတပ်သားထဲမှ ထွက်ပြေးလိုသူများ၏ လမ်းပြမှုကြောင့် မိုင်းကွင်းကိုရှောင်ကွင်း၍ ထွက်ပြေးလွတ်မြောက်လာကြခြင်းဖြစ်ပြီးနောက် ဒေသခံတစ်ဦးက ကားဖြင့်စစ်ကောင်စီဂိတ်လွတ်သည်အထိ လိုက်ပို့သည်ဟု ဆိုသည်။
#TachileikNewsAgency