ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသော လားရှိုးမြို့တွင် လိင်ဖျော်ဖြေရေးလုပ်ငန်းများကို တရားဝင်ခွင့်ပြုပေးထားပြီး ရောဂါမကူးစက်စေရန် ဆေးစစ်ခြင်းများကို ၂၀၂၅ခုနှစ် မတ်လ(၂၃)ရက်နေ့တွင် စတင်လုပ်ဆောင်ပေးနေပြီဟု MNDAA ထံမှ သိရသည်။
လားရှိုးမြို့အတွင်းရှိ KTV၊ Bar အပြင် လိင်ဖျော်ဖြေရေးနေရာများတွင် လုပ်ကိုင်နေသူများအား ကျန်းမာရေးစစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ပြီး ၎င်းတို့အား အလုပ်မလုပ်ကိုင်မီ ကူးစက်ရောဂါရှိ၊ မရှိ စစ်ဆေးခြင်းနှင့် ကျန်းမာရေးလက်မှတ်ရယူပြီးမှသာ အလုပ်ဆက်လက်လုပ်ကိုင်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု သိရသည်။
“ဒီလိင်ဖျော်ဖြေရေးလုပ်ငန်းတွေက အရင်စစ်ကောင်စီလက်ထက်ကတည်းက ရှိပါတယ်။ အခုကတော့ တရားဝင်ခွင့်ပြုပေးတာပေါ့နော်။ ခွင့်ပြုနိုင်ဖို့ ဆေးစစ်တာလုပ်ရမယ်။ (၆) လတစ်ခါ ဆေးစစ်ရမယ်။ ဆေးအောင်ရင် ဆက်လုပ်၊ မအောင်ရင် ဆက်လုပ်လို့မရဘူး။ ရှောင်တခင်ဝင်စစ်လို့ ဆေးစစ်ထားတာ မရှိဘူးဆိုရင် အရေးယူတာတွေ လုပ်မယ်။”ဟု MNDAA ဘက်မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
ဆေးစစ်ဆေးရာတွင် အသည်းရောင်အသားဝါ B ပိုး၊ C ပိုး၊ HIV/AIDS၊ တီဘီရောဂါ စသည့် ကူးစက်ရောဂါများကို အဓိကထား စစ်ဆေးသွားမည်ဖြစ်ပြီး စစ်ဆေးသူအားလုံးသည် သွေးစစ်ဆေးမှု၊ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်းစသည့် စစ်ဆေးမှုများကို ခံယူရမည်ဖြစ်သည်ဟု သိရသည်။
ကျန်းမာရေးဌာနမှ ထုတ်ပြန်ချက်အရ အဆိုပါစစ်ဆေးခြင်းကို ပုံမှန်အချိန်ကာလအလိုက် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး စစ်ဆေးမှုအောင်မြင်သူများအား ကျန်းမာရေးလက်မှတ် ထုတ်ပေးသွားမည်ဟု သိရသည်။
#TachileikNewsAgency