တာချီလိတ်မြို့တွင် လက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အနားပေးပြီး ပြည်ခိုင်ဖြိုးပါတီဝင်များဖြင့် အစားထိုးရန် စီစဉ်နေ

တာချီလိတ်မြို့တွင် လက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အနားပေးပြီး ပြည်ခိုင်ဖြိုးပါတီဝင်များဖြင့် အစားထိုးရန် စီစဉ်နေ
မတ် 11, 2025 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် လက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အရပ်သားအစိုးရ လက်ထက်ကလို ရပ်ကွက်နေပြည်သူများ ဆန္ဒအတိုင်း ရွေးချယ်ခြင်း မဟုတ်ဘဲ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် အစားထိုးရန် အမည်နှင့်တကွ အထက်က ညွှန်ကြားထားပြီ ဖြစ်ပြီး မကြာမီ အပြောင်းအလဲ လုပ်ဆောင်မည်ဟု သိရသည်။

" ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အရင်လို ရပ်ကွက်ထဲက ရပ်ကွက်သူ ရပ်ကွက်သားတွေက ပွင့်လင်းမြင်သာစွာ မဲပေးစနစ်မျိုးနဲ့ ရွေးချယ်တာ မဟုတ်ဘဲ အထက်က နာမည်နဲ့တကွ ညွှန်ကြားထားတယ်လို့ သိရတယ်။ အဲ့လူတွေကလည်း ပြည်ခိုင်ဖြိုးပါတီက လူတွေများတယ်။"ဟု သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့တွင် ဧရိယာစတုရန်းမိုင်ပေါင်း(၁၄၅)မိုင် ကျယ်ဝန်းပြီး အာခါတိုင်းရင်းသားအများဆုံးနေထိုင်သည့် လွယ်တော်ခမ်းကျေးရွာအုပ်စုတွင် လက်ရှိ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှာ အာခါလူမျိုးဖြစ်သော်လည်း ၎င်းအား အနားပေးပြီး ပြည်ခိုင်ဖြိုးပါတီဝင် ဗမာလူမျိုးတစ်ဦးကို ခန့်ထားရန် အထက်က အမည်နှင့်တကွ ညွှန်ကြားထားသည်ဟုလည်း သိရသည်။

"လွယ်တော်ခမ်းမှာက အာခါတိုင်းရင်းသားအများစုနေကြတာ။ အဲ့ဒါကို ပြည်ခိုင်ဖြိုးပါတီဝင် ဗမာ လူမျိုးတစ်ဦးကို ခန့်ထားမယ်လို့ ကြားတယ်။ တကယ်ဆိုရင်တော့ မဖြစ်သင့်ဘူးပေါ့။ လွယ်တော်ခမ်းက အာခါလူမျိုးတွေ နဲ့ လားဟူလူမျိုးတွေပဲ နေလာတာဆိုပေမဲ့ အာခါလူမျိုးအရေအတွက်များတယ်။"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ မတ်လ(၁၁)ရက်နေ့တွင် ပြောသည်။ 

တာချီလိတ်မြို့တွင် ပုန်းထွန်၊ တာလော့၊ ဝမ်ကောင်း၊ မကာဟိုခမ်း၊ ဆန်ဆိုင်း(ခ)၊ ဆန်ဆိုင်း(က)၊ မယ်ခေါင်၊ ရန်အောင်မြေ(ပါလျှံ)၊ ဝိန်းကျောက်၊ ပါဆတ် နှင့် ဆေခမ်း(ဟောင်လိတ်)ရပ်ကွက် စသည့်  မြို့ပေါ်(၁၁)ရပ်ကွက် နှင့် လွယ်တော်ခမ်း၊ ဝမ်လုံး၊ မိုင်းဖုန်း(က)၊ မိုင်းဖုန်း(ခ)၊ မိုင်းဟဲ၊ ဖန်မင်း နှင့် မိုင်းကိုးကျေးရွာအုပ်စု  စသည့် ကျေးရွာ(၇)စုရှိပြီး တာချီလိတ်မြို့နယ်အတွင်း လက်အောက်ခံမြို့ဖြစ်သည့် တာလေနှင့်ကျိုင်းလပ်မြို့တို့တွင် ယခုလို အပြောင်းအလဲ လုပ်ဆောင်မည်ကိုတော့ မကြားသိရသေးကြောင်း သိရသည်။

မြို့ပေါ် (၁၁)ရပ်ကွက်တွင် ပါဝင်သည့် ပုန်းထွန်ရပ်ကွက်အုပ်ချုပ်ရေးမှူးနေရာအတွက် လူဟောင်းကို ဖယ်ရှားပြီး လူသစ်နှင့်အစားထိုးထားကြောင်း နှင့် တရားဝင် တာဝန်လွှဲပြောင်းမှုကို မကြာမီ ပြုလုပ်မည်ဖြစ်ကြောင်းနှင့် အပြောင်းအလဲတွင် (၀.၀၅၃)စတုရန်းမိုင်သာ ကျယ်ဝန်းသည့် တာလော့ရပ်ကွက်မပါဟုလည်း သိရသည်။

တာချီလိတ်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှုူးများကို ဒီမိုကရေစီ နည်းလမ်းကျကျ မဲပေးရွေးချယ်ခြင်းမဟုတ်ဘဲ ခန့်ထားလိုသူကိုသာ ရွေးချယ်ခန့်ထားခြင်းမှာ ထင်တိုင်းကြဲနေခြင်းသာဖြစ်ကြောင်း လေ့လာစောင့်ကြည့်သူ တစ်ဦးက သုံးသပ်ပြောကြားသည်။

"ရွေးကောက်ပွဲ မဲမသမာဘူးလို့  စွပ်စွဲတဲ့အဖွဲ့က အများသဘောနဲ့မရွေးဘဲ သူတို့ကြိုက်ရာ ခန့်မယ့်သဘောပေါ့လေ။ မတရား အာဏာရယူထားတဲ့ အဖွဲ့အစည်းပဲ သူတို့ထင်တိုင်းကြဲမှာပဲ။ ယခင် ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကလဲ စားလို့ ဗိုက်အတော်ဝနေပြီ ‌အာဏာသိမ်းကာလမှာ အခုလိုနေရာ မှာ တာဝန်ယူလုပ်နေရတာဟာ သူတို့အတွက် ကျီးလန့်စာ စားနေရသလိုပဲ။ ဒီလို သူတို့သဘောနဲ့ ကြံ့ဖွတ်ကလူချည်းပဲ ရွေးခန့်မယ် ဆိုတာက တာချီလိတ် လို နေရာမျိုးမှာ လုပ်တာဟာ နောက်ကွယ်မှာ  ရည်ရွယ်ချက်တွေ အများကြီး ရှိနိုင်တယ်။ တာချီလိတ်လို နေရာမျိုးမှာဆိုတော့ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။"ဟု တာချီလိတ်မြို့မှ နိုင်ငံရေးအခြေအနေ စောင့်ကြည့်လေ့လာသူ တစ်ဦးက အငြိမ်းစား ဝန်ထမ်းတစ်ဦးက ဆိုသည်။

ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် ရာထူးကနေ နုတ်ထွက်သည်ဖြစ်စေ၊ ရပ်စဲ အရေးယူခံရသည်ဖြစ်စေ ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်နေ့က ပြဌာန်းထားသည် "ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ"၏  ပုဒ်မ (၅)၊ (၆) နှင့် (၇)ပါ ပြဌာန်းချက်များနှင့်အညီ အသစ် ပြန်လည်ခန့်ထားရမည်ဖြစ်သော်လည်း ယခုအခါ အထက်ဌာနများက "ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ"ကို ဆန့်ကျင်ပြီး အသစ်ခန့်ထားမည့်သူကို စိတ်တိုင်းကျ ရွေးချယ်ပြီး ၎င်းတို့၏ အမည်စာရင်းကို ပေးပို့ထားခြင်း ဖြစ်ကြောင်း သိရသည်။