တာချီလိတ်နှင့် နီးသည့် ချင်းရိုင်းခရိုင်အတွင်း ရောဂါလက္ခဏာမပြသည့် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ စတင်တွေ့ရှိ

တာချီလိတ်နှင့် နီးသည့် ချင်းရိုင်းခရိုင်အတွင်း ရောဂါလက္ခဏာမပြသည့် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ စတင်တွေ့ရှိ
မတ် 22, 2020
By Tachileik News Agency

တာချီလိတ်နှင့် နီးသည့် ချင်းရိုင်းခရိုင်အတွင်း ရောဂါလက္ခဏာမပြသည့် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ စတင်တွေ့ရှိ

တာချီလိတ်ခရိုင်နှင့် ခရိုင်ချင်းဆက်ဖြစ်သည့် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်း  ရောဂါလက္ခဏာ မပြသည့် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ (၁)ဦးတွေ့ရကြောင်း ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးက ၂၀၂၀ ခုနှစ်၊ မတ်လ (၂၁)ရက်နေ့ ညနေတွင် အတည်ပြုထုတ်ပြန်လိုက်သည့်အတွက် ခရိုင်အတွင်း ရောဂါထိန်းချုပ် ကာကွယ်ရေးအတွက် အထူးဆောင်ရွက်နေပြီး တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ ချစ်ကြည်ရေးတံတား(၁)ကိုမတ်လ(၂၃)ရက်နေ့ကစ၍ အကန့်အသတ်မရှိ ယာယီပိတ်ရန် အတည်ပြုထားရှိသည်။

အဆိုပါ အတည်ပြုလူနာမှာ အသက် (၃၅)နှစ်အရွယ်ဖြစ်ပြီး ရောဂါအတည်မပြုမီအချိန်အတွင်း လူပေါင်းများစွာနှင့် ထိတွေ့ခဲ့ကြောင်း သိရသည်။

၎င်းသည် ကမ္ဘောဒီးယားနိုင်ငံ လောင်းကစားရုံတွင် မတ်လ (၄)ရက်နေ့မှ (၆)ရက်နေ့အထိ သွားရောက်ခဲ့ပြီး မတ်လ (၆)ရက်နေ့တွင် ဘန်ကောက်သို့ ပြန်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် မတ်လ (၇) ရက်နေ့တွင် Thai Smile လေကြောင်းလိုင်းဖြင့် ချင်းရိုင်းရှိနေအိမ်သို့ ပြန်လာခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေသည့်ဒေသမှ ပြန်လာသူဖြစ်၍ ဆေးရုံသို့ သတင်းပို့ရန် သူငယ်ချင်းဖြစ်သူက မတ်လ (၁၄)ရက်နေ့တွင်  တိုက်တွန်းသော်လည်း မတ်လ (၁၆)ရက်နေ့တွင် ကျေးရွာရှိ ပွဲတစ်ခုကိုလည်း သွားရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသားက မတ်လ (၁၆)ရက်နေ့တွင် သွားဆေးခန်းသို့ သွားရောက်ခဲ့ပြီး မတ်လ (၁၉)ရက်နေ့တွင် ဆေးရုံသွားပြရာ ကိုရိုနာသံသယရှိသဖြင့် ချင်းရိုင်းဆေးရုံသို့ လွှဲပြောင်းပေးလိုက်ရာ မတ်လ (၂၀)ရက်နေ့တွင် ဓါတ်ခွဲခန်းအဖြေအရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

အတည်ပြုလူနာအဖြစ် ဓါတ်ခွဲတွေ့ရသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် သံသယလက္ခဏာများဖြစ်သော ဖျားခြင်း၊ မောပန်းခြင်း၊ အသက်ရှုကြပ်ခြင်း၊ ချောင်းဆိုးခြင်းများ မတွေ့ရကြောင်း သိရသည်။

လက်ရှိတွင် အတည်ပြုလူနာနှင့် အနီးကပ်နေခဲ့သည့် အပေါင်းအသင်း (၁၀)ဦးကို နေအိမ်တွင် သီးခြားနေထိုင်စေပြီး ဓါတ်ခွဲစစ်ဆေးထားရာ (၉)ဦးတွင် ကိုရိုနာဗိုင်းရပ်စ်မတွေ့ရသေးသော်လည်း (၁)ဦးမှာ အဖြေစောင့်ဆိုင်းဆဲဖြစ်ကြောင်း သိရသည်။

နေအိမ်တွင် သီးခြားစောင့်ကြည့်ထားသည့် (၁၀)ဦးလုံးမှာ (၁၄)ရက်ပြည့်သည်အထိ သီးခြားနေထိုင်ရမည်ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများက (၁၄)ရက်လုံး စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေသတွင်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုအခြေအနေများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးမည်ဖြစ်၍ ကုန်ဈေးနှုန်းတက်စေရန်နှင့် ရောင်းအားတက်စေရန် ရည်ရွယ်သည့် သတင်းမှားများကို မယုံကြည်ကြရန် တာဝန်ရှိသူများက သတိပေးထားသည်။

၂၀၂၀ခုနှစ် မတ်လ(၂၂)ရက်နေ့ ည(၇)နာရီခွဲအချိန်အထိ ထိုင်းနိုင်ငံအတွင်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အတည်ပြုလူနာ (၅၉၉)ဦးရှိနေပြီး ချင်းရိုင်းခရိုင်ထဲမှ တစ်ဦး အပါအဝင်ဖြစ်သည်။

Tachileik News Agency
Source; ประชาชาติธุรกิจประชาชาติธุรกิจ


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~