မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း နော်ရှဲလားဟူလိုင်းခန်းအနီးတွင် ဆိုင်ကယ်မောင်းလာသည့် အသက်(၄၀)ကျော် အမျိုးသမီးကို လူငယ်(၂)ဦးက လုယက်သည့် ဖြစ်စဉ် ဖြစ်ပွားကြောင်း သိရသည်။
တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း ဆန်ဆိုင်း(၅)လမ်း နော်ရှဲလားဟူလိုင်းခန်းအနီး လမ်းအကွေ့ဘက်တွင် ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်နေ့ ည(၆)နာရီဝန်းကျင်အချိန်က အသက်(၄၀)ကျော် အမျိုးသမီး တစ်ဦးတည်း ဆိုင်ကယ်မောင်းလာစဉ် ဓါးကိုင်ဆောင်ထားသည့် လူငယ်(၂)ဦးသည် ဆိုင်ကယ်ဖြင့် အနောက်ကနေ လိုက်လာပြီး အမျိုးသမီးကြီးအား ရပ်တန့်ခိုင်းရာ မရပ်တန့်ပေး၍ ဆောင့်တွန်းပြီး လုယက်ရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
"လုတဲ့ကောင်တွေက ဆိုင်ကယ်အပြာရောင်နဲ့ပါ။ ဖိနပ်အဖြူရောင် စီးထားကြတယ်။ ဆိုင်ကယ်ကို တားတာ မရပ်ပေးတော့ အနောက်က ကောင်က ဆောင့်တွန်းလိုက်တာ အဲ့ဒီ အမျိုးသမီးကြီး ဆိုင်ကယ်လဲကျသွားပြီး ခေါင်းနည်းနည်းထိပြီး ခါးလဲ နားသွားတယ်ပြောတယ်။ အော်သံကြောင့် ပတ်ဝန်းကျင်ကနေ လူတွေ ထွက်လာကြတော့ ဟိုကောင်တွေက လမ်းအကွေ့ထဲကနေ တခါတည်း မောင်းပြေးသွားကြတယ်"ဟု မြင်တွေ့ရသူ တစ်ဦးက Tachileik News Agency သို့ ပြောပြသည်။
တာချီလိတ်မြို့တွင် လုယက်မှုနှင့် ပတ်သက်ပြီး ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၂၂)ရက်နေ့ ည(၉)နာရီ ဝန်းကျင်အချိန်ကလည်း အထက(ဟောင်လိတ်)ကျောင်းရှေ့တွင် သစ်သီးရောင်းနေသည့် အမျိုးသမီးထံမှ ရွှေဆွဲကြိုး လုယက်ကာ သေနတ်ဖြင့် ပစ်ခတ်သွားမှု ဖြစ်ပွားခဲ့သေးသည်။
ယင်းအပြင် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ကူး နံနက်(၁)နာရီ (၄၅)မိနစ်ဝန်းကျင်အချိန်ကလည်း ဆိုင်ကယ်မောင်းလာသူအား လမ်းတွင် ဓါးပြတိုက်ကာ ဆိုင်ကယ် လုယက်သွားသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
တာချီလိတ်မြို့တွင် လုယက်မှုနှင့် ဓါးပြတိုက်မှုများမှာ နေ့ရောညပါ ဖြစ်ပွားနေလျှက်ရှိသော်လည်း သက်ဆိုင်ရာများက စီမံချက်ရေးဆွဲပြီး ထိထိရောက်ရောက် နှိမ်နင်းခြင်းမရှိ၍ ဒေသခံပြည်သူများမှာ စိုးရိမ်ကြောက်လန့်နေရကြောင်း သိရသည်။
"တာချီလိတ်မှာက ပိုပိုဆိုးလာတယ်။ သတင်းတွေ မထွက်လို့တာ လုယက်မှုတွေက နေ့တိုင်းလိုလိုဖြစ်နေတာ။ မဖြစ်ဘူးဆိုရင် အနည်းဆုံး တစ်နေ့ကို (၂)မှုလောက်ပဲ။ ဘယ်အချိန် ကိုယ့်အလှည့်ရောက်မလဲဆိုပြီး ထိတ်လန့်နေရတယ်"ဟု ဒေသခံ တစ်ဦးက ပြောသည်။