ထိုင်းနိုင်ငံ၏ လျှပ်စစ်မီး ဖြတ်တောက်လိုက်မှုကြောင့် လာအိုနိုင်ငံ၏ လျှပ်စစ်မီး (၃၀)မဂ္ဂါဝပ်ကို အစားထိုး အသုံးပြုနေသည့် တာချီလိတ်မြို့တွင် လာအိုဘက်က ခိုင်လုံသည့် အကြောင်းပြချက်မပေးဘဲ (၁၃)မဂ္ဂါဝပ်သာ ရောင်းချပေးထား၍ ရရှိထားသည့် လျှပ်စစ်ဓါတ်အားဖြင့် တာချီလိတ်မြို့နယ်တွင်း ယခင်လို (၂၄)နာရီ လျှပ်စစ်မီး ပေးနိုင်မည်မဟုတ်တော့ဘဲ အချိန်ပိုင်းဖြင့်သာ ပေးတော့မည်ဖြစ်ကြောင်း မြို့မီးလင်းရေးဦးဆောင်ကော်မတီက အသိပေးထားသည်။
လာအိုဘက်က ပေးထားသည့် (၁၃)မဂ္ဂါဝပ်ကို မြို့မီးလင်းရေးဦးဆောင်ကော်မတီက (၅)မဂ္ဂါဝပ်၊ မြို့မီးလင်းရေးကော်မတီရုံးခွဲက (၈)မဂ္ဂါဝပ် ခွဲတမ်းရယူပြီး ဆက်လက်၍ အချိန်ပိုင်းဖြင့် ဖြန့်ဖြူးပေးသွားမည် ဖြစ်သည်။
လက်ရှိ ရရှိထားသည့် (၁၃)မဂ္ဂါဝပ်အပြင် ထပ်တိုးရရှိရေး ဆက်လက် ကြိုးပမ်းလုပ်ဆောင်နေကြောင်းလည်း သိရသည်။
"လာအိုဘက်ကနေ ထပ်တိုးရရှိရေးအတွက်ကတော့ အဆင့်ဆင့် လူကြီးတွေက ကူညီဆောင်ရွက်ပေးနေပါတယ်။ လူကြီးတွေ လိုအပ်တဲ့ အချက်အလက်တွေ၊ စာရွက်စာတမ်းတွေ တောင်းလာရင် ပေးနိုင်ရန်အတွက် ရုံးမှာပဲ အဆင့်သင့်ရှိနေကြတယ်။ လောလောဆယ် ထူးခြားမှုကတော့ မရှိသေပေမဲ့ မကြာခင်တော့ အခြေအနေကောင်းမယ်လို့ ထင်ပါတယ်။ ဘာဘဲဖြစ်ဖြစ် လာအိုက လုံးဝ မဖြတ်သွားတဲ့အတွက် ကျေးဇူးတင်မိပါတယ်။ ထပ်တိုးရဖို့အတွက် ညှိနှိုင်းနိုင်တဲ့ အခွင့်အရေးလည်း အများကြီးရှိမယ်လို့ ထင်ပါတယ်။" ဟု မြို့မီးလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း)မှ တာဝန်ရှိသူ တစ်ဦးက Tachileik News Agency သို့ ဖေဖော်ဝါလ(၇)ရက်နေ့ ညနေပိုင်းတွင် ပြောသည်။
တာချီလိတ်မြို့တွင် (၂၄)နာရီလျှပ်စစ်မီးကို နှစ်ပေါင်း (၂၅)နှစ်ကျော် အသုံးပြုခဲ့ပြီးမှ ယခုအခါ ထိုင်းဘက်က လျှပ်စစ်မီး ဖြတ်တောက်မှုကြောင့် လာအိုနိုင်ငံကလည်း တစ်စုံတစ်ရာဖိအားကြောင့် မူလပေးထားသည့် လျှပ်စစ်ဓါတ်အား (၃၀)မဂ္ဂါဝပ်ကို လျှော့ချလိုက်သည့်အတွက် တာချီလိတ်မြို့အနေဖြင့် နှစ်ပေါင်း (၂၅)နှစ်ကျော်အကြာ တစ်ကြိမ်တခါမှ မကြုံဖူးသည့် အလှည့်ကျစနစ်ကို စတင်ကြုံရပြီ ဖြစ်သည်။
တာချီလိတ်မြို့တွင် လျှပ်စစ်အသုံးပြုရန် တပ်ဆင်ထားသည့် မီတာအရေအတွက်မှာ ရိုးရိုးအိမ်သုံမီးတာ(၂၂,၅၀၀)ကျော် နှင့် ပါဝါမီတာ (၅၄၀)ကျော် ရှိနေရာ အဆိုပါ အရေအတွက်များအတွက် ရရှိထားသော (၁၃)မဂ္ဂါဝပ် ဖြင့် မျှတအောင် အချိန်ပိုင်းခွဲ၍ ပေးရခြင်း ဖြစ်ကြောင်း သိရသည်။
တာချီလိတ်သို့ နှစ်ပေါင်း (၂၅)နှစ်ကျော်အကြာ (၂၄)နာရီပေးထားသည့် ထိုင်းလျှပ်စစ်မီးကို ထိုင်းအစိုးအရက တရုတ်ဂိုဏ်းများ၏ ကျားဖြန့်လုပ်ငန်း တိုက်ဖျက်ရေးအတွက်ဟုဆိုကာ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့က စပြီး ဖြတ်တောက်လိုက်ပြီးနောက် တာချီလိတ်မြို့အတွင် လျှပ်စစ်မီးအခက်အခဲနှင့် ကြုံလာရခြင်း ဖြစ်သည်။