တာချီလိတ်မြို့ရှိ ကိုးမြို့ရှင် နတ်နန်းအတွင်းမှ သစ်ပင်သစ်ကိုင်း ကျိုးကျမှုကြောင့် အမျိုးသမီးကြီးတစ်ဦး နံရိုးများ ကျိုးကာ အပြင်းအထန် ဒဏ်ရာရရှိပြီး စိုးရိမ်ရ၍ ချင်းရိုင်းအထိ ပို့ဆောင်ထားရ

တာချီလိတ်မြို့ရှိ ကိုးမြို့ရှင် နတ်နန်းအတွင်းမှ သစ်ပင်သစ်ကိုင်း ကျိုးကျမှုကြောင့် အမျိုးသမီးကြီးတစ်ဦး နံရိုးများ ကျိုးကာ အပြင်းအထန် ဒဏ်ရာရရှိပြီး စိုးရိမ်ရ၍ ချင်းရိုင်းအထိ ပို့ဆောင်ထားရ

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ညပိုင်းက မိုးရွာသွန်းထားမှုကြောင့် မကာဟိုခမ်းရပ်ကွက်ရှိ ကိုးမြို့ရှင်နတ်နန်း ( အဘကိုးမြို့ရှင် (ပင်မ) ဗိမာန်တော်ကြီး)အတွင်းရှိ သစ်ပင်မှ သစ်ကိုင်းကျိုးကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ အနက် အမျိုးသမီးတစ်ဦးမှာ ပြင်းထန်သည့် ဒဏ်ရာရရှိသွား၍ ထိုင်းနိုင်ငံ ချင်းရိုင်းအထိ ပို့ဆောင်ထားရကြောင်း သိရသည်။

 

ယင်းဖြစ်စဉ်သည် ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၁၉)ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခြင်း ဖြစ်ပြီး သစ်ကိုင်းကြီးသည် နတ်နန်းရှေ့ လမ်းပေါ်သို့ ကျိုးကာ ပြုတ်ကျခြင်း ဖြစ်သည်။

သစ်ကိုင်းကျိုးကျမှုကြောင့် အသက်(၅၀)ကျော် ဒေါ်နန်းနွန်း ဆိုသူမှာ သတိလစ်သွားကာ အပြင်းအထန် ဒဏ်ရာရရှိပြီး စိုးရိမ်ရကြောင်း နှင့် ကျန်ထိခိုက်သူများမှာ မစိုးရိမ်ရကြောင်း သိရသည်။ 

"အခြေအနေက အတော်တော်ဆိုးတယ်ဗျ။ အခု ချင်းရိုင်းမှာပါ။ နံရိုး(၆)ချောင်းကျိုးသွားတယ်။။ အရေးပေါ် အနေအထားမှာပါ။ အဆုတ်လည်း ထိထားတယ်။ ပခုံးကနေ အောက်ပိုင်းအထိ ဘာမှ လုပ်လို့မရဘူး။ ဦးနှောက်မှာလည်း သွေးခဲနေပါတယ်"ဟု မိသားစုဝင်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ဒဏ်ရာအပြင်းအထန်ရရှိထားပြီး ဆေးဝါးကုသမှု ခံယူနေရသည့် ဒေါ်နန်းနွန်းသည် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် ဝမ်မိုင်ရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍  ကိုးမြို့ရှင်နတ်နန်း ( အဘကိုးမြို့ရှင် (ပင်မ) ဗိမာန်တော်ကြီး)၏ တာဝန်ရှိသူများမှ မည်သို့ ကူညီဆောင်ရွက်ပေးမှုရှိ မရှိကိုတော့ မသိရသေးပါ။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း မတ်လ(၁၈)ရက်နေ့ ညပိုင်းက မိုးရွာသွန်းမှုကြောင့် မိုင်းဆတ်မြို့တွင် နေအိမ်သွပ်မိုးပျက်စီးသည်များရှိခဲ့သလို တာချီလိတ်မြို့တွင်လည်း ရေမြောင်းများတွင် ပိတ်ဆို့နေသည့် အမှိုက်နှင့်ရွှံ့များကြောင့် ရေတင်ကျမှုများ ခဏတာဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရသည်။