မကွေးတိုင်း ရေစကြိုမြို့နယ် ချင်းတွင်းမြစ်အရှေ့ဘက်ရှိ Myingyan Black Tiger(MBT)တပ်ဖွဲ့ ဌာနချုပ်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာ၍ တစ်ပတ်ကျော်ကြာ တိုက်ပွဲဖြစ်ပြီးနောက် စခန်းမှ ဆုတ်ခွာပေးလိုက်ရသည်ဟု သိရသည်။
ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွင် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၂၆)ရက်နေ့မှ မတ်လ (၅)ရက်နေ့အထိ (၈)ရက်ကြာ တိုက်ပွဲဖြစ်ပြီးနောက် ယနေ့ မတ်လ (၆)ရက်နေ့ နံနက်ပိုင်းတွင် စခန်းမှ ဆုတ်ခွာပေးလိုက်ရသည်ဟု Myingyan Black Tiger(MBT)တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။
“ကျွန်တော်တို့ (၈)ရက်နီးပါး တိုက်ပွဲဖြစ်နေတာဗျ။ တိုက်ပွဲဖြစ်တော့ ခဲယမ်းပြတ်တောက်သွားတယ်။ နောက်ပြီး ဝေဟင်ကော၊ မြေပြင်ကောမှာ ရန်သူ့ရဲ့ သာလွန်အင်အားကို ခုခံဖို့အတွက် ခဲယမ်းလုံလောက်မှုမရှိတာကြောင့် ကျွန်တော်တို့ လက်လွှတ်ပေးလိုက်ရတဲ့ အနေအထားပါ။”ဟု MBTတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူဗိုလ်မိုက်ခဲက Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီတပ်နှင့် Myingyan Black Tiger တပ်ဖွဲ့တို့ (၈)ရက်ကြာ တိုက်ပွဲများဖြစ်ပြီးနောက် ယမန်နေ့ မတ်လ (၅)ရက်နေ့တွင် ဇရပ်နီကျေးရွာ၏ မြောက်ဘက်၌ နောက်ဆုံးအကြိမ် တိုက်ပွဲဖြစ်ကာ Myingyan Black Tiger (MBT)တပ်ဖွဲ့၏ ဌာနချုပ်ကို ဆုံးရှုံးလိုက်ရသည်ဟု ဆိုသည်။
“မနေ့က နံနက် (၆)နာရီလောက်မှာ တိုက်ပွဲဖြစ်တယ်။ ကျွန်တော်တို့ နာရီဝက်လောက် တိုက်ပွဲဖြစ်ပြီးတော့ ခုခံဖို့ ပြင်ဆင်ပေမယ့် ရန်သူ့လေကြောင်းကြောင့် ဘယ်လိုမှ အဆင်မပြေလို့ ဒီနေ့ နံနက် (၇) နာရီလောက်မှာ စွန့်လွှတ်ခဲ့ရတာပါ။”ဟု ဗိုလ်မိုက်ခဲက ပြောသည်။
စစ်ကောင်စီတပ်သည် ရေစကြိမြို့နယ်နှင့် မြောင်မြို့နယ်အစပ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ကာ ဘုန်းကြီးတစ်ပါး အပါအဝင် အရပ်သား(၁၀)ဦးဝန်းကျင်ကို ပစ်သတ်၍ မီးရှို့သွားသော တပ်များဖြစ်သည်ဟု သိရသည်။
အဆိုပါစစ်ကောင်စီတပ်များမှာ ခလရ (၂၅၆)၊ ခလရ (၂၅၇)၊ ခလရ (၂၅၈)၊ တပ်မ (၁၀၁)၊ တပ်မ (၃၃)နှင့် ပြည်သူ့စစ်များပါဝင်သည်ဟု သိရသည်။
ဖေဖော်ဝါရီလ (၂၆)ရက်နေ့ကစတင်ကာ ရေစကြိုမြို့နယ် ဆိပ်ကမ်းဘက်မှ မြောင်မြို့နယ်ဘက်သို့ ကူးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များတိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့်နှစ်ကြိမ်၊ Mi-35 ဖြင့် (၅)ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့သည်။
ထို့နောက် မတ်လ(၁) ရက်နေ့တွင် ရေစကြိုဘက်မှ အင်အား(၈၀)ခန့်နှင့် ခဲယမ်းရိက္ခာများကို အင်အားထပ်ဖြည့်၍ မတ်လ(၂)ရက်နေ့ နံနက်(၅)နာရီခန့်တွင် လက်နက်ကြီးများနှင့်ပစ်ခတ်ကာ ဝင်စီးပြီး (၃) ရက်တိုင် မီးရှို့ခြင်း၊ လူသတ်ခြင်းများ ကျူးလွန်ခဲ့ကြသည်။
“ရွာကိုမီးရှို့တာကို ဝင်တားတဲ့ မြေစွန်းရွာကျောင်းထိုင်ဆရာတော်ကို ပစ်သတ်ခဲ့တယ်။ သက်တော်က (၈၀)နီးပါးရှိပြီ။ နောက်ပြီး မပြေးနိုင်တော့တဲ့ အသက် (၆၀)နှစ်ကနေ (၈၀)ကြား သက်ကြီးပိုင်း (၁၀)ဦးလောက်ကို ပစ်သတ်မီးရှို့သွားတယ်။”ဟု CDSOM တပ်ဖွဲ့မှ ကိုနွေဦးက ပြောသည်။
စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ဆင်ခြေယာရွာမှ အသက်(၇၀)အရွယ် အဖွားတစ်ဦး ထိမှန်သေဆုံးကာ အသက်(၈၀)အရွယ် အဖွားတစ်ဦး လက်မောင်းဒဏ်ရာရပြီး အသက်(၃၀)အရွယ် အမျိုးသားတစ်ဦးလည်း ဒဏ်ရာရသည်။
စစ်ကောင်စီ မီးရှို့ဖျက်ဆီးသည့် မြေစွန်းရွာသည် အိမ်ခြေ(၂၀၀)ဝန်းကျင်ရှိသည့် ရွာကြီးဖြစ်ပြီး လက်ရှိတွင် နေအိမ်(၇)လုံးဝန်းကျင်သာ ကျန်တော့သည်ဟု သိရသည်။
ထို့နောက် ယမန်နေ့ မတ်လ(၅)ရက်နေ့ နံနက်ပိုင်းတွင် ဇရပ်နီရွာနှင့်ကပ်လျှက် ရွှေလှန်ရွာကို လေကြောင်းတိုက်ခိုက်ရာ နေအိမ်တစ်လုံး မီးလောင်ပြီး နွား(၁၂)ကောင်သေဆုံးခဲ့ရသည်။
ထို့နောက် ဇရပ်နီရွာကို ရောက်လာပြီး ဇရပ်နီကျေးရွာ၏ မြောက်ဘက်၌ Myingyan Black Tiger(MBT)နှင့် နောက်ဆုံးအကြိမ် တိုက်ပွဲဖြစ်ကာ ယင်းနေ့နံနက်ပိုင်းကတည်းက မီးရှို့နေသည်မှာ ယနေ့အထိဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီတပ်၏ မီးရှို့လူသတ်မှုကြောင့် ရေစကြိုမြို့နယ်မှ ဇရပ်နီ၊ ရွာသစ်၊ မြေစွန်း၊ ဆင်ခြေယာရွာ၊ မာလ ကာခြံ၊ ရွှေလှန်နှင့် မြောင်နယ်မှ နနွင်းကိုင်း၊ ဆူးလေးကုန်း၊ မြစ်သာ၊ ဆင်လှောင်၊ သုခဒီပနှင့် မြစ်ဆုံရွာမှ ဒေသခံ ထောင်ချီပြီး ထွက်ပြေးနေရသည်။
#TachileikNewsAgency