ကရင်ပြည်နယ် နယ်ခြားစောင့်တပ်က ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၂၁)ရက်နေ့တွင် မြဝတီဒေသမှ ကျားဖြန့်သံသယရှိ တရုတ်နိုင်ငံသား (၃၀၀)ကျော်ကို စစ်ကောင်စီထံ ထပ်မံအပ်နှံလိုက်သည်ဟု BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။
ယနေ့ နံနက်ပိုင်းအထိ ဖမ်းမိထားသော မြဝတီမြို့ ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်ကြသည့် နိုင်ငံ(၁၄)နိုင်ငံမှ နိုင်ငံခြားသား (၁၇၆၃)ဦးအနက်မှ တရုတ်နိုင်ငံသား (၃၀၀)ဦးကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးလိုက်ပြီဟု ဆိုသည်။
“ဖမ်းမိတာနဲ့ တခါတည်းလွှဲပေးလိုက်တာပဲ။ ဒီနေ့ (၃၀၀) ပို့လိုက်ပြီ။ (၃၀၀) ပို့တယ်ဆိုတာက ကျွန်တော်တို့က ဖမ်းဆီးပြီးတော့ သက်ဆိုင်ရာ(စစ်ကောင်စီ)ကို အပ်တယ်။ ကျန်တာကတော့ သက်ဆိုင်ရာနဲ့ပဲဆိုင်လို့ သူတို့ကိုမေးပါ။ ”ဟု ဒုတိယ ဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။
အဆိုပါ တရုတ်နိုင်ငံသား (၃၀၀)ဦးကျော်ကို ထိုင်း-မြန်မာနယ်စပ် အမှတ် (၂)ချစ်ကြည်ရေးတံတားမှတဆင့် ထိုင်းနိုင်ငံအတွင်းသို့ပို့ပြီးနောက် မဲဆောက်လေဆိပ်မှ တရုတ်နိုင်ငံ နန်ကျင်းလေဆိပ်သို့ လေယာဉ်ဖြင့် တိုက်ရိုက်ပြန်ပို့လိုက်သည်ဟု ထိုင်းသတင်းဌာနများက ဖော်ပြသည်။
တရုတ်နိုင်ငံသားများကို စစ်ကောင်စီဘက်က လူဝင်မှုကြီးကြပ်ရေး(လဝက)၊ ရဲတပ်ဖွဲ့တို့က လုပ်ထုံးလုပ်နည်းများဖြင့် ပြန်လည်စစ်ဆေး၍ ထိုင်းနှင့် တရုတ်နိုင်ငံ တာဝန်ရှိသူများထံအပ်နှံကာ ပြည်နှင်ဒဏ်ပေးခြင်းဖြစ်သည်ဟု သိရသည်။
BGF အနေဖြင့် နိုင်ငံခြားသားများအား တဖက်နိုင်ငံသို့ လွှဲပြောင်းပေးခြင်းလုပ်ငန်းကို လုပ်ကိုင်ခြင်းမရှိဟုလည်း ဆိုသည်။ ယနေ့တွင် ဖမ်းဆီးရမိသော တရုတ်နိုင်ငံသားများ လွှဲပြောင်းပေးရာတွင် ထွက်ပြေးခြင်း၊ ပျောက်ဆုံးခြင်းများ မဖြစ်စေရန်သာ လုံခြုံရေးလိုက်ပေးသည်ဟု ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောသည်။
“ကျွန်တော်တို့သတင်းရတာက တချို့တွေ ဟိုတယ်တွေမှာနေတာတွေ အဲဒါလေးတွေ၊ နောက်ပြီးမြို့ပေါ်မှာ ကားတွေကို စစ်ဆေးတာတွေကနေ တွေ့တာလေးတွေရှိတာပေါ့။”ဟု ထွက်ပြေး တရုတ်နိုင်ငံသား ဖမ်းဆီးရမိမှုအခြေအနေကို ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။
BGF အနေဖြင့် ကျားဖြန့်လုပ်ငန်းတွင် ပါဝင်သော တရုတ်နိုင်ငံသားများ ထွက်ပြေးသည့်ကိစ္စများမဖြစ်စေရန် ဝင်၊ ထွက်နိုင်သည့် နေရာများအား ပိတ်ဆို့စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
“အရင်တုန်းက ကျွန်တော်တို့ ဖမ်းဆီးမှုမလုပ်ခင်မှာ သူတို့က တော်တော်များများ ပြေးတယ်ဗျ။ ပြေးတယ်ဆိုတာကလည်း အကာအကွယ်ရှိလို့ ပြေးတာပေါ့နော်။”ဟု ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။
ယနေ့နံနက်ပိုင်းက မြဝတီမြို့တွင်းရှိ ကျားဖြန့်လုပ်ငန်းမှ ထွက်ပြေးလာသော တရုတ်နိုင်ငံသား(၃၀)ဦးကို မြဝတီ-အာရှလမ်းမကြီး၌ BGF တပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်သည့် သတင်းကိုမူ ကြားသိရသည်ဟုသာ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြန်လည်ဖြေဆိုသည်။
ဖေဖော်ဝါရီလ (၂၀)ရက်နေ့ နံနက်ပိုင်းတွင်လည်း ကရင်ပြည်နယ် မြဝတီမြို့ ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်ကြသည့် တရုတ်နိုင်ငံသား(၂၀၀)ဦးကို ထိုင်းနိုင်ငံမှတဆင့် သက်ဆိုင်ရာ နိုင်ငံသို့ လွှဲပြောင်းလိုက်သည်ဟု စစ်ကောင်စီက ဖော်ပြသည်။
အဆိုပါ တရုတ်နိုင်ငံသားများသည် တရုတ်နိုင်ငံမှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုရောက်ရှိလာပြီး ထိုမှတဆင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်ကိုရောက်လာကာ ကျားဖြန့်လုပ်ကိုင်သူများက သောင်ရင်းမြစ်ကိုဖြတ်၍ ခေါ် ဆောင်ခိုင်းစေခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
#TachileikNewsAgency
Photo:ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးလိုက်သည့် တရုတ်နိုင်ငံသားများကို တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်နေစဥ်