စစ်ကောင်စီနှင့် ကူးမင်းဆွေးနွေးပွဲ ပြေလည်မှုမရကြောင်း ထုတ်ပြန်ပြီးနောက် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထိန်းချုပ်ဒေသ နောင်ချိုမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၍ အရပ်သား(၃)ဦး သေဆုံးပြီး (၄)ဦး ဒဏ်ရာရသည်ဟု ဒေသခံများထံမှ သိရသည်။
TNLA ဘက်က ဆွေးနွေးပွဲအဆင်မပြေကြောင်း ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၉)ရက်နေ့ ညနေပိုင်းတွင် ထုတ်ပြန်လာပြီးနောက် ည(၈)နာရီကျော်တွင် နောင်ချိုမြို့ကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။
“နောင်ချို ဘူတာရပ်ကွက်နဲ့ ပြည်သူ့ဆေးရုံပေါ်ကို ဗုံး(၂)လုံး လာကြဲချသွားတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘူတာရပ်ကွက်နေ ဒေသခံ(၂)ဦး သေဆုံးပြီး (၃)ဦး ဒဏ်ရာရရှိခဲ့ကာ ပြည်သူ့ဆေးရုံမှာလည်း ဗုံးဒဏ်ကြောင့်ပျက်စီးပြီး ဒေသခံတစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၆)ရက်နေ့ကလည်း နောင်ချိုမြို့သပြေတောင် ဘုရားကုန်းပေါ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
“ဆွေးနွေးပွဲ ပြေလည်မှုမရလို့ TNLA ထိန်းချုပ်ဒေသတွေ စစ်ကောင်စီရဲ့ လေကြောင်းရန်စိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်။”ဟု Tachileik News Agency ၏ သတင်းအရင်းအမြစ်က ယမန်နေ့က ဖြေကြားထားသည်။
ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း TNLA က အသိပေးထားသည်။
တရုတ်အစိုးရ၏စီစဉ်ချက်အရ ဖေဖော်ဝါရီလ(၁၆)ရက်နှင့် (၁၇)ရက်နေ့တို့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ဟိုင်ဂင်ဟော်တယ်၌ နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် TNLA ဘက်က နှစ်ဖက်တပ်ရောက်ရှိသည့်နေရာတွင် ရပ်တန့်ထားပြီး အပစ်အခတ်ရပ်စဲရန်၊ နှစ်ဖက်လုံး ထိုးစစ်များပြုလုပ်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေယာဉ်ဗုံးကြဲချ ခြင်းစသည့် စစ်ရေးလှုပ်ရှားမှုများအားလုံး ရပ်တန့်ရန်၊ နှစ်ဖက်ထိန်းချုပ်နယ်မြေဒေသများတွင် ဒေသခံပြည်သူများ စားဝတ်နေရေးနှင့် ဆေးဝါးများ သယ်ဆောင်နိုင်ရန်အတွက် ဖြတ်သန်းသွားလာခွင့်ပြုရန်တို့ကို တောင်းဆိုသည်ဟု သိရသည်။
စစ်ကောင်စီဘက်က မည်သည့်အချက်ကိုတောင်းဆိုသည်ကိုမူ မသိရသေးပါ။
ပြီးခဲ့သည့်နှစ်အတွင်း ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၁)နှင့် အပိုင်း(၂)အတွင်း မဟာမိတ်တော်လှန်ရေးအဖွဲ့မှ နယ်မြေ အများအပြားကို သိမ်းယူနိုင်ခဲ့ပြီး မဟာမိတ်အဖွဲဝင်ဖြစ်သည့် PSLF/TNLA က နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နှင့် သီပေါ စုစုပေါင်း မြိုနယ်(၁၂)မြို့နယ်ကို သိမ်းယူကာ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ယူထားခြင်းဖြစ်သည်။
#TachileikNewsAgency
Photo:Koko Tun Naing