မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်းကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့ အကူးပိုင်းအချိန်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား(၅)ဦးသေဆုံးပြီး (၁၉)ဦး ဒဏ်ရာရသည်ဟု ဒေသခံ များထံမှ သိရသည်။
စစ်ကောင်စီတပ်သည် မိုးကုတ်မြို့(အနောက်ပိုင်း)ကို Y-12 လေယာဉ်ဖြင့် (၆)ကြိမ် ဗုံးအလုံးရေ(၂၇)လုံး လာရောက်ကြဲချတိုက်ခိုက်သည်ဟု ဆိုသည်။
“မိုးကုတ်မြို့ အနောက်ပိုင်းထဲက ဝင်းထရံလုပ်ကွက်ကို ဗုံး (၇)ကြိမ်လာကြဲတာ။ (၅)ဦး သေတယ်၊ (၁၉)ဦးဝန်းကျင် ဒဏ်ရာရတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။
TNLA ရှေ့တန်းရဲဘော်တစ်ဦးက ပြောကြားရာတွင် မိုးကုတ်မြို့အနောက်ပိုင်း ဝင်းထရံကျောက်မျက်တူးဖော်ရေးလုပ်ကွက်ဘက်ကို စစ်ကောင်စီသည် Y12 လေယာဥ်နှင့် နာရီဝက်အတွင်း ဆက်တိုက်လာရောက်ကြဲချသည်ဟု ဆိုသည်။
“ဝင်းထရံဆိုတာ ကျောက်မျက်တူးဖော်ရေးလုပ်ကွက်ပါ။ သေဆုံးသူတွေက ကျောက်တူးသမားဆိုတာထက် ဒေသခံလို့ပဲ ပြောကြတယ်ဗျ”ဟု TNLA ရှေ့တန်းရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။
မည်သည့်အတွက်ကြောင့် ဗုံးကြဲတိုက်ခိုက်သည်ကိုမူ မသိရသေးဘဲ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်များလည်း မီးလောင်ပျက်စီးသွားသည်ဟု သိရသည်။
ဖေဖော်ဝါရီလ (၆)ရက်နေ့ကလည်း စစ်ကောင်စီတပ်သည် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ် သပြေ တောင်ဘုရားကုန်းကို ဗုံးတစ်လုံးလာရောက်ကြဲချရာ ဘုရားလည်းပျက်စီးပြီး ကြံကားမောင်းနှင်လာသူ အသက် (၃၀)နှစ်ရှိ စိုင်းလှဦးလည်း ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့်နှစ် အတွင်း ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၁)နှင့် အပိုင်း(၂)အတွင်း မဟာမိတ်တော်လှန်ရေးအဖွဲ့မှ နယ်မြေ အများအပြားကို သိမ်းယူနိုင်ခဲ့ပြီး မဟာမိတ်အဖွဲဝင်ဖြစ်သည့် PSLF/TNLA က နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ် ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နှင့် သီပေါ စုစုပေါင်း မြိုနယ်(၁၂)ကို သိမ်းယူ ကာ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ယူထားခြင်းဖြစ်သည်။