ထိုင်းနိုင်ငံဘက်က လျှပ်စစ်ဓါတ်အား နှင့် စက်သုံးဆီ ဖြတ်တောက်လိုက်ပြီးနောက် တာချီလိတ်အာဏာပိုင်များက အွန်လိုင်းလောင်းကစားလုပ်ငန်းများကို ဖမ်းဆီးမည့်အကြောင်း ကြိုတင်ရှောင်ကြရန် အသိပေးပြီးနောက် ဖေဖော်ဝါရီလ၏ ဒုတိယပတ်အတွင်းကစပြီး တစ်လလုံး ရှာဖွေ ဖမ်းဆီးမှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
"တာချီလိတ်မှာတော့ ဒီလ (၆)ရက်နေ့ကတည်းက ရှာဖွေ စစ်ဆေးတာတွေ လုပ်နေပါတယ်။ ဟိုတယ်ကနေ ရပ်ကွက်ထဲက ငါးဂိမ်းခုံတွေအထိ ကြိုတင်အသိပေးထားကြတော့ ပိတ်တာကပိတ် ရှောင်သူက ရှောင်ထားကြတော့ ဝုန်းဒိုင်းကြီး ဝင်ဖမ်းတာမျိုး မလုပ်တော့ဘဲ အေးအေးဆေးဆေး ဝင်စစ် သိမ်းဆည်းတဲ့ သဘောမျိုးဖြစ်သွားတယ်။ စီမံချက်အနေနဲ့ကတော့ ဒီတစ်လလုံးလို့ ပြောတာဘဲ ဘယ်အထိ ပါရမယ်ဆိုတာတော့ မသိသေးဘူး"ဟု စစ်ဆေးရေးအဖွဲ့တွင် ပါဝင်သည့် သတင်းရင်းမြစ် တစ်ဦးက Tachileik News Agency သို့ ပြောသည်။
ထိုင်းနိုင်ငံက လျှပ်စစ်ဓါတ်အား နှင့် စက်သုံးဆီကို ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့က စပြီး ပိတ်ပင်လိုက်ပြီးနောက် ဖေဖော်ဝါရီလ(၆)ရက်နေ့တွင် တာချီလိတ်မြို့၏ အထင်ကရ ဟိုတယ်ကြီး အချို့ကို ဝင်ရောက်စစ်ဆေးကာ မှတ်တမ်းဓါတ်ပုံရိုက်ယူခြင်းကို စတင်လုပ်ဆောင်ပြီးနောက် ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းက အွန်လိုင်းလောင်းကစားလုပ်ငန်း နေရာတစ်နေရာကို ဝင်ရောက် စစ်ဆေးကြောင်း သိရသည်။
ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း ချင်းမိုင်မြို့မှ ထိုင်းနိုင်ငံသားတစ်ဦး ငှားရမ်းထားသည့် ခြံဝန်းအတွင်း စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီလ(၇)ရက်နေ့ ညနေပိုင်းက ဝင်ရောက် စစ်ဆေးရှာဖွေမှုအတွင်း အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်သူများကို မတွေ့ရသော်လည်း Laptop Computer (၁၀၀)ကျော်၊ Computer Monitor (၄၀၀)ဝန်းကျင် လက်ကိုင်ဖုန်း (၁၀၀)ဝန်းကျင် အပါအဝင် လိုင်စင်မဲ့ကား အချို့လည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ(၉)ရက်နေ့ကလည်း တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း ဖီးနစ်ဟိုတယ်အနီးရှိ ခြံဝန်းအတွင်း ဝင်ရောက်ရှာဖွေရာ တရုတ်နိုင်ငံသား အချို့ကို ဖမ်းဆီးရမိကြောင်းလည်း သိရသည်။
"ဒီရက်ပိုင်းမှာက နေရာတော်တော်များများကို ဝင်စစ်တာတွေရှိတယ်။ အွန်လိုင်းဂိမ်းနေရာတွေကို ရှာရင်းနဲ့ အဲ့နေရာကနေ သိမ်းဆည်းရမိတဲ့ လိုင်စင်မဲ့ကားတွေလည်းများတယ်။ ဖုန်းတွေ ကွန်ပျူတာတွေနဲ့ တချို့နေရာတွေမှာ မီးခံသေတ္တာတွေပါ ရှိနေတာ။ တော်တော်များများ သိမ်းမိတာတွေရှိတယ်။ အထက်ကို ဘယ်လိုစာရင်းပြမလဲတော့မသိဘူး။ ကျွန်တော်တို့ အဆင့်က ဘာမှမဟုတ်တော့ ခွဲတမ်းလည်းရမှာမဟုတ်ဘူး။ သူတို့ကတော့ စာရင်းကို ကြိုက်သလို လုပ်နိုင်တယ်"ဟု ၎င်းက ဆက်လက် ပြောပြသည်။
တာချီလိတ်မြို့တွင် စီမံချက်အရ အွန်လိုင်းလောင်းကစားနှင့် ရပ်ကွက်အတွင်း ငါးဂိမ်းခုံများကို ဖမ်းဆီးသည့်အခါတိုင်း လစဉ်ကြေး ကောက်ခံနေသည့် ဝမ်ကောင်းရပ်ကွက် ပြည်သူ့စစ်အချို့ နှင့် ဒေသတွင် ရဲတပ်ဖွဲ့တို့၏ ကြိုတင်အကြောင်းကြားမှုကြောင့် ယာယီပိတ်ခဲ့သည့် ဖြစ်စဉ်များစွာရှိသည့်အတွက် ယခုအခါမှာလည်း ဖမ်းဆီးမည့် အစီအစဉ် အလွန်ဆုံး ရက်တ္တပတ်တာ ကြာနိုင်မည်ဟု ခန့်မှန်းထားကြသည်။
"ဒီရက်ပိုင်းကတော့ ထိုင်းဘက်က နေ့စဉ် အွန်လိုင်းဂိမ်းလုပ်လာကြတဲ့ ထိုင်းလူငယ်တွေလည်း တံတား(၁)ကနေ အသွားအပြန် မလုပ်တော့တာတွေ့ရတယ်။ သူတို့လည်း ဖမ်းမှာကြောက်လို့ မယ်ဆိုင်ဘက် ပြန်သွားကြတာလည်း များတယ်။ ရပ်ကွက်ထဲက ငါးဂိမ်းခုံတွေလည်း ပိတ်ထားကြတယ်။ ဂိမ်းခုံတွေကတော့ ထုံံးစံအတိုင်း အလွန်ဆုံး (၅)ရက်လောက်ပဲ ကြာမှာလို့ ခန့်ထားပြီး မကြာမီ ပြန်ဖွင့်မယ်လို့တော့ ပြောတာပဲ။"ဟု ဒေသခံ တစ်ဦးက ပြောသည်။
တာချီလိတ်မြို့တွင် အဖွဲ့အစည်းတချို့၏ ပိုင်နက်များအထိ ကျားဖြန့်လုပ်ငန်းများ ရှိ မရှိကို ဒေသတွင်း စစ်တပ်နှင့် ရဲတပ်ဖွဲ့ ရှာဖွေခြင်းမရှိဘဲ ရပ်ကွက်အတွင်း၌သာ ဦးစားပေး ဖမ်းဆီးခြင်းသာ လုပ်ဆောင်ကြောင်း သိရသည်။