တာချီလိတ်မြို့တွင် လျှပ်စစ်ဓါတ်အားကို   တရားမဝင် လုပ်ငန်းများအတွက် အသုံးပြုခွင့် မပေးထားကြောင်း လာအို လျှပ်စစ်ဌာနက သတင်း ထုတ်ပြန်

တာချီလိတ်မြို့တွင် လျှပ်စစ်ဓါတ်အားကို   တရားမဝင် လုပ်ငန်းများအတွက် အသုံးပြုခွင့် မပေးထားကြောင်း လာအို လျှပ်စစ်ဌာနက သတင်း ထုတ်ပြန်
ဖေဖော်ဝါရီ 9, 2025 | ရှမ်းရှေ့

 မြန်မာ - ထိုင်း- လာအိုနယ်စပ် ရွှေတြိဂံဒေသ မြန်မာဘက် တာချီလိတ်မြို့ကို လျှပ်စစ်ဓါတ်အား ပေးပို့ရောင်းချရေး သဘောတူစာချုပ် ချုပ်ဆိုထားသည့် မြန်မာပုဂ္ဂလိက ကုမ္ပဏီများထံမှ ဓါတ်အားဖြန့်ဖြူးရေးအချက်အလက်များအား စိစစ်ချက်အရ တရားမဝင် လုပ်ငန်းများတွင် အသုံးပြုနေခြင်း မရှိကြောင်း လာအိုအစိုးရလျှပ်စစ်ဌာနက ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကျားဖြန့်ဂိုဏ်း (ငွေလိမ်ဂိုဏ်း)များ နှိမ်နှင်းရေးအတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်အပါအဝင် နယ်စပ်မြို့များကို ဖေဖေါ်ဝါရီလ (၅)ရက်နေ့တွင် ထိုင်းနိုင်ငံက လျှပ်စစ်မီးဖြတ်တောက်ပြီးနောက် တာချီလိတ်မြို့နယ်တွင် လာအိုလျှပ်စစ်မီးအသုံးပြုမှုမှာ (၁၃)မဂ္ဂါဝပ်မှ (၂၇)မဂ္ဂါဝပ်အထိ တိုးမြှင့်သုံးစွဲလာကြောင်း သိရသည်။

လျှပ်စစ်ဓါတ်အား အသုံးပြုမှု ရုတ်တရက် မြင့်မားလာသည့်အတွက် လာအိုအစိုးရလျှပ်စစ်ဌာနက ဖေဖေါ်ဝါရီလ (၇)ရက်နေ့တွင် လျှပ်စစ်ဓါတ်အား ပေးပို့မှုကို (၁၃) မဂ္ဂါဝပ်သို့ ကန့်သတ်လျှော့ချလိုက်ပြီးနောက် လာအိုနိုင်ငံမှ လျှပ်စစ်မီးကို အလွဲအသုံးပြု မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးပေးရန် မြန်မာစစ်ကောင်စီတာဝန်ရှိသူများကို တောင်းဆိုခဲ့ကြောင်း သိရသည်။

ယင်းမှ ရရှိသည့် အချက်အလက်များအရ လာအိုနိုင်ငံမှ လျှပ်စစ်ဓါတ်အားကို တာချီလိတ်မြို့နယ်အတွင်း ဖီဒါလိုင်း (၄)ခုဖြင့် ဖြန့်ဖြူးရန် သဘောတူထားသည့် ဧရိယာအတွင်းရှိ လူနေအိမ်၊ အသေးစားစီးပွားရေးလုပ်ငန်း၊ ကျောင်း၊ ဆေးရုံကဲ့သို့ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းနှင့် အစိုးရဌာနတို့အတွက်သာ အသုံးပြုနေသည်ဟု လာအိုအစိုးရ လျှပ်စစ်ဌာနက ထုတ်ပြန်သည်။

လက်ရှိတွင် ကန့်သတ်လျှော့ချထားသည့် လျှပ်စစ်ဓါတ်အား (၁၃)မဂ္ဂါဝပ်ထက်တိုး၍ ပေး၊ မပေးကိုမူ အဆိုပါ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားခြင်းမရှိပါ။

တာချီလိတ်ခရိုင်အတွင်း လာအိုလျှပ်စစ်ဓါတ်အား ရောင်းချရေးအတွက် ၂၀၂၁ ခုနှစ်တွင် လာအိုလျှပ်စစ်လုပ်ငန်းနှင့် မြန်မာဘက်က အသိအမှတ်ပြုထားသည့် ပုဂ္ဂလိကကုမ္ပဏီတို့ စာချုပ်ချုပ်ဆိုပြီး ၂၀၂၂ ခုနှစ် မေလတွင် စတင်ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အရောင်းအဝယ်စာချုပ်အရ လာအိုနိုင်ငံက လျှပ်စစ်မီး (၃၀)မဂ္ဂါဝပ်အထိ ရောင်းချရန်သဘောတူထားပြီး ပုံမှန်အားဖြင့် တာချီလိတ်ဘက်က  လာအိုလျှပ်စစ်မီးကို (၁၃)မဂ္ဂါဝပ်သာ ပုံမှန်သုံးစွဲနေခြင်းဖြစ်ကြောင်း လာအိုလျှပ်စစ်ဌာနက ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံက လျှပ်စစ်မီးဖြတ်တောက်လိုက်ပြီးနောက် လာအိုလျှပ်စစ်မီးကို တိုးမြှင့်သုံးစွဲခြင်းနှင့်ပတ်သက်၍ လျှပ်စစ်မီးကို တရား မဝင်လုပ်ငန်းများ လုပ်ကိုင်ရာနေရာများအား ပေးပို့ရောင်းချမှု မပြုခြင်းဖြင့် အများပြည်သူ ဒုက္ခရောက်စေသည့် လျှပ်စစ်မီး ဖြတ်တောက်ရခြင်းကိစ္စ မဖြစ်ပွားစေရေး မြန်မာဘက်မှ စာချုပ်ထားသည့် ကုမ္ပဏီအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုသည်ဟု လာအိုလျှပ်စစ်ဌာနက ဆိုထားသည်။

လာအိုနိုင်ငံအနေဖြင့် ကျားဖြန့် အပါအဝင် မည်သည့် တရားမဝင်လုပ်ငန်း လုပ်ဆောင်ရာနေရာများကိုမှ ၎င်းတို့၏ လျှပ်စစ်ဓါတ်အားကို ရောင်းချခွင့်မပေးကြောင်း လာအိုအစိုးရက အတည်ပြုသည်ဟု ထုတ်ပြန်ထားသည်။