ထိုင်း - မြန်မာနယ်စပ်ဒေသ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ရှိ ဆီပန့်များကို မြန်မာဘက်မှ ပုံးများဖြင့် ဓါတ်ဆီလာရောက် ဝယ်ယူပါက ရောင်းချမပေးရန် နှင့် နယ်စပ်ကနေ ဆီပုံးများဖြင့် တင်ပို့နေမှုများကို ပိတ်ပင်လိုက်ပြီး တားမြစ်ချက်အား ဖောက်ဖျက်ပါက အရေးယူမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့ ရက်စွဲဖြင့် အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။
"မယ်ဆိုင်ဘက်ကို တာချီလိတ်ကနေ ဓါတ်ဆီပုံးတွေ သယ်သွားလို့ကို မရတော့ဘူး။ မယ်ဆိုင်အဝင်မှာ စစ်တယ်။ ဆီပုံးတွေ ပေးမသွားဘူး။ တခါတည်းဆွဲချတယ်။ တကယ်လို့ ဟိုဖက်ကနေ ဝယ်ပြီး ပြန်လာရင်လည်း စစ်ဆေးလို့ တွေးရင် သိမ်းတယ်"ဟု တာချီလိတ်ဒေသခံ တစ်ဦးက Tachileik News Agency ကို ပြောကြသည်။
ထိုင်းဘက်က လျှပ်စစ်မီးနှင့် စက်သုံးဆီ ပေးပို့မှု ဖြတ်တောက်လိုက်သည့် တာချီလိတ် နှင့် မြဝတီ အပါအဝင် နယ်စပ်နေရာ (၅)ခုတွင်လည်း ယခုလို တားမြစ်ထားခြင်းဖြစ်ပြီး တားမြစ်ချက်များကိုလည်း ဒေသအာဏာပိုင်များအလိုက် ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း သိရသည်။
တရုတ်ကျားဖြန့်ဂိုဏ်းများက နယ်စပ်တွင်အခြေချကာ ထိုင်းနိုင်ငံမှ လျှပ်စစ်မီး၊ အင်တာနက်များ အသုံးပြု၍ လုပ်ငန်းလည်ပတ်နေသည်ဟု သတင်းများထွက်လာပြီး တရုတ်နိုင်ငံ၏ ဖိအားဖြင့် မြန်မာနယ်စပ် (၅)နေရာသို့ ပေးပို့နေသည့် လျှပ်စစ်မီး၊ အင်တာနက်နှင့် စက်သုံးဆီများကို ဖေဖေါ်ဝါရီလ (၅)ရက်နေ့တွင် ထိုင်းအစိုးရက ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ဖြတ်တောက်လိုက်ခြင်းကြောင့် နယ်စပ်မြို့များတွင် လျှပ်စစ်မီးပြတ်တောက်ကာ စက်သုံးဆီအတွက် စိုးရိမ်မှုများလည်း မြင့်တက်ခဲ့သည်။
ထိုင်းဘက်က စက်သုံးဆီ တင်ပို့မှုကို ပိတ်ထားလိုက်သော်လည်း တာချီလိတ်စက်သုံးဆီးရောင်းဝယ်ရေးအသင်းက ကြပ်မတ်ပြီး တာချီလိတ်မြို့နယ်တွင်းရှိ ဆီပန့်များတွင် လက်ကျန်ဆီများကို ပုံမှန်ဈေးနှုန်းအတိုင်းဖြင့် ရောင်းချပေးနေလျှက်ရှိသော်လည်း တန်းစီးသူများကြောင့် စောင့်ဆိုင်းချိန် ကြာသည်ဟုဆိုကာ အချို့မှာ တာချီလိတ်မြို့၏ တဖက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ ကား/ဆိုင်ကယ်များဖြင့် သွားရောက်၍ ဓါတ်ဆီဖြည့်ခြင်းနှင့်အတူ ဆီပုံးများဖြင့် ဝယ်ယူခြင်းပါ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
"ထိုင်းဓါတ်ဆီချင်းတူတာတောင် မယ်ဆိုင် ဆီပန့်တွေမှာက တာချီလိတ် ဆီပန့်တွေထက် ဈေးအတော်ကွာတယ်။ တာချီလိတ်ဆီပန့်တွေမှာလည်း အခုချိန်အထိ ဓါတ်ဆီတွေ ရနေပါသေးတယ်။"ဟု ဒေသခံ တစ်ဦးက ပြောသည်။
ထိုင်းအစိုးအရက တရုတ်ဂိုဏ်းများ၏ ကျားဖြန့်လုပ်ငန်းများကြောင့်ဟုဆိုကာ လျှပ်စစ်မီးနှင့်စက်သုံးဆီကို ဖြတ်တောက်ထားသော်လည်း တကယ်တမ်း အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေရသူမှာ ဒေသခံပြည်သူများသာ ဖြစ်သည်။
တာချီလိတ်ဘက် ထိုင်း လျှပ်စစ်မီး နှင့် စက်သုံးဆီ ဖြတ်တောက်ခံရမှုနှင့် ပတ်သက်ပြီး တာချီလိတ်အာဏာပိုင်များ အနေဖြင့် ဒေသခံများ အဆင်ပြေရေးအတွက် အခြားအစီအမံများ ဖန်တီးပေးခြင်း မရှိသလို ပူပန်ပေးခြင်းလည်း မရှိကြောင်း သိရသည်။