မြန်မာဒုက္ခသည်များကို ကုသရန် တာဝန်ထပ်တိုးပေးပါက အလုပ်ထွက်မည်ဟု မဲဆောက်ဆရာဝန်ဆို

မြန်မာဒုက္ခသည်များကို ကုသရန် တာဝန်ထပ်တိုးပေးပါက အလုပ်ထွက်မည်ဟု မဲဆောက်ဆရာဝန်ဆို
ဖေဖော်ဝါရီ 4, 2025 | နိုင်ငံတကာသတင်း

 ထိုင်းနိုင်ငံ မဲဆောက်ခရိုင်အတွင်း မြန်မာဒုက္ခသည်စခန်းများရှိ လူနာများအား ကုသရန် ဖိအားပေးလျှင် အလုပ်ထွက်မည်ဟု မဲဆောက်ဆေးရုံမှ ဆရာဝန်တစ်ဦးက ထုတ်ဖေါ်ပြောကြားထားကြောင်း The Nation သတင်းတွင် ဖေါ်ပြထားသည်။

"ဆရာဝန်နှင့် လူနာအင်အား မမျှမတဖြင့် ရုန်းကန်နေရသည့် ဆေးရုံတွင် ဒေသခံလူနာများကို စောင့်ခိုင်းထားပြီး မြန်မာဒုက္ခသည်များကို သွားရောက်ကုသပေးရေးမှာ မဖြစ်သင့်ကြောင်း"မဲဆောက်ဆေးရုံမှ ကူးစက်ရောဂါအထူးကု ဒေါက်တာ Nuttagarn Chuenchom က လူမှုကွန်ယက်စာမျက်နှာတွင် ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၃)ရက်နေ့က ရေးသားထားခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်း - မြန်မာနယ်စပ်မှ ကုသရေးစင်တာများ ပိတ်သိမ်းလိုက်ရသည့်အတွက် မြန်မာဒုက္ခသည်စခန်းရှိ HIV နှင့် တီဘီလူနာများရှိနေသည့်အတွက် မြန်မာ ဒုက္ခသည်စခန်းကို သွားရောက်ကုသပေးရန် တာဝန်ပေးခံရသည့် ဆရာဝန်များတွင် ဒေါက်တာ Nuttagarn လည်း ပါဝင်ကြောင်း သိရသည်။

အမေရိကန်အထောက်အပံ့ဖြင့် International Rescue Committee က ဖွင့်လှစ်ထားသည့် နယ်စပ်မှ ဆေးခန်းများကို ဇန်နဝါရီလကုန်တွင် ပိတ်သိမ်းလိုက်ကြရခြင်းဖြစ်သည်။

ယင်းအတွက်ကြောင့် ဒေသတွင်းရှိ ဒုက္ခသည်စခန်း (၃)ခုရှိ လူနာများကို ကုသမှုပေးရန် ခရိုင်တွင်းရှိ ဆေးရုံ (၅)ခုကို အစိုးရက တာဝန်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဒုက္ခသည်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ဒေသဆိုင်ရာ ကျန်းမာရေးတာဝန်ရှိသူများ သို့မဟုတ် ဒေသရှိ ဆေးရုံများကို တာဝန်ပေးခြင်းထက် ဗဟိုအစိုးရက တာဝန်ယူသင့်သည်ဟု အဆိုပါ ဆရာဝန်က ပြောကြားထားသည်။

အစိုးရဆေးရုံ ဆရာဝန်လုပ်သက် နှစ်(၂၀) ရှိနေပြီဖြစ်သည့် အဆိုပါ ဆရာဝန်က ဒုက္ခသည်စခန်းများသို့ သွားရောက်ကုသပေးရန် တာဝန်ပေးခံရသည့် အတွက် အလုပ်က နှုတ်ထွက်မည်ဟု ဆိုထားပြီးနောက် အလုပ်ထွက်စာ တင်၊ မတင်နှင့်ပတ်သက်၍ နောက်ဆက်တွဲ မည်သည့်အကြောင်းအရာမှ ဆက်လက်ရေးသားခြင်း မရှိတော့သည်ကို တွေ့ရသည်။

မဲဆောက်ဒေသခံများမှာ ဆေးရုံများ၌ ဆရာဝန် မလုံလောက်မှုကြောင့် ဆေးစစ်ရန်၊ ကုသမှုခံယူရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းများရှိနေချိန်တွင် ဆရာဝန်များ အလုပ်နှုတ်ထွက်ပါက အခြေအနေ ပိုဆိုးလာမည်ဟု ဆိုထားသည်။

မြန်မာဒုက္ခသည်စခန်းများအတွက် ကုသမှုပေးရန်အတွက် ထိုင်းဆရာဝန်များအား တာဝန်များ ထပ်တိုးပေးမည့်အစား တာဝန်ထမ်းဆောင်ဖူးသည့် မြန်မာဆရာဝန်များအား ငှားရမ်းခန့်ထားရန် ဗဟိုအစိုးရအနေဖြင့် ဘတ်ဂျက်သတ်မှတ် ဆောင်ရွက်သင့်သည်ဟုလည်း တိုက်တွန်းထားသည်။

အဆိုပါဆရာဝန်၏ အဆိုအရ မဲဆောက်ရှိ ဒုက္ခသည်အရေအတွက်မှာ ဒေသခံအရေအတွက်နီးပါးပင် ရှိနေပြီဟုဆိုထားသည်။

 

Source: The Nation