အမေရိကန်တွင် သမ္မတဒေါ်နယ်ထရမ့်၏ အမိန့်အရ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို ပစ်မှတ်ထားသော ရှာဖွေဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၆) ရက်နေ့ကလည်း ပြည်ထောင်စုအဆင့် ဌာနများ ပါဝင်သော နိုင်ငံတဝန်း ရှာဖွေဖမ်းဆီးမှုအတွင်း လူ (၁,၀၀၀) နီးပါးကို ဖမ်းဆီးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဌာန (ICE) က ဆိုသည်။
အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို ရှာဖွေဖမ်းဆီးမှုတွင် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ဌာနများနှင့် ထပ်တိုးအားဖြည့်ထားသော အာဏာပိုင်များလည်း ပါဝင်ခဲ့သည်။
သမ္မတထရမ့်က ၎င်း၏ ရွေးကောက်ပွဲ ကတိကဝတ်အတိုင်း အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို ပြန်ပို့ရေး ဆောင်ရွက်ရန် သမ္မတအမိန့်ညွှန်ကြားချက် လက်မှတ်ရေးထိုးခဲ့ပြီးနောက် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဌာန (ICE) က နိုင်ငံတဝန်း ရှာဖွေဖမ်းဆီးမှုများ အကြီးအကျယ် လုပ်ဆောင်နေသည်။
ထရမ့်က အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများအား စာသင်ကျောင်းများနှင့် ဘုရားကျောင်းများတွင်ပါ ရှာဖွေဖမ်းဆီးရန် ICE အရာရှိများကို ခွင့်ပြုထားသည်။
ယခင်က ထိုနေရာများတွင် ဖမ်းဆီးမှု မလုပ်ရန် သမ္မတအမိန့်ညွှန်ကြားချက်ရှိခဲ့သော်လည်း ထိုအမိန့်ညွှန်ကြားချက်ကို တကျော့ပြန် သမ္မတဖြစ်လာသည့် ဒေါ်နယ်ထရမ့်က ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။
ထရမ့်၏ သမ္မတအမိန့်ညွှန်ကြားချက်အရ လုပ်ဆောင်ခဲ့သည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၆) ရက်နေ့ ရှာဖွေဖမ်းဆီးမှုများတွင် ICE အရာရှိများအပြင် FBI, DEA, ATF, US Marshals Service နှင့် Federal Burea of Prisons တို့လည်း ပါဝင်လာကြောင်း သိရသည်။
ထိုနေ့ ရှာဖွေဖမ်းဆီးမှုများကို ချီကာဂိုမြို့တွင် အဓိက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ချီကာဂိုမြို့တွင် ရှာဖွေဖမ်းဆီးမှုများ လုပ်ဆောင်မှုနှင့် ပတ်သက်၍ အိမ်ဖြူတော် နယ်စပ်ရေးရာ အကြံပေးပုဂ္ဂိုလ် Tomas Homan က "ကောင်းမွန်းတဲ့ နေ့တစ်နေ့ဖြစ်ပြီး သိသာထင်ရှားသည့် အပြောင်းအလဲဖြစ်စေသည့် လုပ်ငန်းစဥ်တစ်ခုဖြစ်ကြောင်း CNN သတင်းဌာနှင့် အင်တာဗျူးတွင် ပြောခဲ့သည်။
"သမ္မတထရမ့်က အစိုးရတစ်ဖွဲ့လုံးကို ဒီကိစ္စမှာ ထည့်ထားပါတယ်" ဟုလည်း ၎င်းက ဆိုသည်။
ထရမ့်၏ နယ်စပ်ရေးရာ အကြံပေးပုဂ္ဂိုလ် Tomas Homan က နိုင်ငံတဝန်း နောက်ထပ် ဖမ်းဆီးမှုူများရှိလာမည်ဟု ABC သတင်းဌာန၏ "This Week" ရုပ်သံအစီအစဥ်တွင် ပြောထားသည်။
"ကျွန်တော်တို့ အစပဲရှိသေးတယ်။ ဒီနိုင်ငံရဲ့ ဥပဒေကို ချိုးဖောက်တာ အဆင်မပြေဘူးလေ" ဟု ၎င်းကဆိုသည်။ အမေရိကန်တွင် တရားမဝင် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ (၁၁) သန်းခန့်ရှိမည်ဟု ယူဆရသည်။
ထရမ့်၏ သမ္မတအမိန့်ညွှန်ကြားချက်အရ အီလီနွိုက်စ်၊ ယူတား၊ ကယ်လီဖိုးနီးယား၊ မင်နီဆိုးတား၊ နယူးယော့ခ်၊ နယူးဂျာစီ၊ ဖလော်ရီဒါနှင့် မေရီလန်း အပါအဝင် ပြည်နယ်အများအပြားတွင် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို ရှာဖွေဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးကိစ္စသဘောထားတင်းမာသူ သမ္မတထရမ့်က ရွှေ့ပြောင်းနေထိုင်သူများ ကုန်းလမ်းကြောင်းမှတစ်ဆင့် အများအပြား ဝင်ရောက်လာလေ့ရှိသည့် မက္ကစီကိုနိုင်ငံနှင့် ထိစပ်နေသော အမေရိကန်နိုင်ငံ တောင်ပိုင်းနယ်စပ်တွင်လည်း အရေးပေါ်အခြေအနေ ထုတ်ပြန်ကာ ထောင်နှင့်ချီသော စစ်သားများကို စေလွှတ်ထားသည်။
Source: CNN