SSPP ဌာနချုပ်အနီးတွင် ကျားဖြန့်လုပ်ငန်းကြီးစိုးနေပြီး နေ့စဉ်လူသေမှုနှင့် ရောင်းစားခံရခြင်းများကြုံတွေ့နေ

SSPP ဌာနချုပ်အနီးတွင် ကျားဖြန့်လုပ်ငန်းကြီးစိုးနေပြီး နေ့စဉ်လူသေမှုနှင့် ရောင်းစားခံရခြင်းများကြုံတွေ့နေ

 ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)ဌာနချုပ် တည်ရှိရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဝမ်ဟိုင်းမြို့အနီးတွင် ကျားဖြန့်လုပ်ငန်း(ငွေလိမ်ဂိုဏ်း)များ ကြီးစိုးနေပြီး နေ့စဥ်လူသေဆုံးမှုများရှိသည့် အပြင် လူငယ်များရောင်းစားခံနေရသည်ဟု "ဝ" လူငယ့်အသံ ကွန်ရက်(Wa News Land)က ဆောင်းပါးတစ်ပုဒ် ဖော်ပြလာသည်။ 

ကျားဖြန့်လုပ်ငန်းသည် ဝမ်ဟိုင်းမြို့အနီးက တောတွင်း၌တည်ရှိပြီး ငွေမလိမ်နိုင်သဖြင့် ထွက်ပြေးရန်ကြံရွယ်သူ တရုတ်နိုင်ငံသားများပါ ပြန်လည်ဖမ်းမိပါက သတ်ပစ်သည်အထိရှိနေသည်ဟု ဆိုသည်။

ငွေလိမ်ခိုင်းသူများအား ဖုန်းပေးမသုံးသည့်အပြင် ဖုန်းပေးသုံးသူများကိုလည်း ဖုန်းကင်မရာနှင့် လုံခြုံရေး Setting များကို ထိန်းချုပ်ထားခြင်းကြောင့် အကူအညီတောင်းခံရန် အခက်အခဲဖြစ်နေကြရသည်ဟု ဆိုသည်။

ထို့အပြင် တရုတ်စာ၊ စကားတတ်သည့် လူငယ်များကို တရားမဝင်နည်းလမ်းဖြင့် ပြင်ပနိုင်ငံများထံ ရောင်းချခြင်းများလည်းပြုလုပ်ကြပြီး တရုတ်နိုင်ငံသား၊ ကိုးကန့်၊ ရှမ်းနှင့် "ဝ"လူငယ်များပါဝင်နေသည်ဟု သိရသည်။

ရောင်းစားခံရသည့် လူငယ်အမျိုးသမီးများမှာ ရုန်းမထွက်နိုင်သည့်အဆုံး လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုများ နှင့် ရင်ဆိုင်နေကြရပြီး ဇနီး၊ မယားအဖြစ်နှင့်လည်း တစ်ဘဝလုံး နေထိုင်ကြသူများလည်း ရှိနေသည်ဟု ဆိုသည်။

အဆိုပါကျားဖြန့်လုပ်ငန်းများကို ဦးဆောင်နေသူများမှာ ဒေသတွင်းအာဏာပိုင်များဖြစ်ကြပြီး နစ်နာသူများအတွက် ထိရောက်သည့် တာဝန်ယူမှု၊ တာဝန်ခံမှုများ မလုပ်ပေးဟုလည်း ဆိုသည်။ 

"ကျွန်မကိုယ်တိုင် အထဲကလွှတ်အောင် ရုန်းခဲ့ပြီး။ အာဏာပိုင်တွေကို ဆက်သွယ်တိုင်ကြားပါသေးတယ်။ အရေး ယူတာတွေ မလုပ်ပေးဘူး။ ကျားဖျန် စက်ရုံရှေ့မှာ လက်ပတ်အနီနဲ့ လုံခြုံရေးတပ်သားတွေ။ နောက်ထပ်အပြင်မှာက ရှမ်းတပ်ကိုယ်တိုင် စောင့်နေတာ။ သူတို့မသိတာ မဖြစ်နိုင်ဘူး"ဟု လွှတ်မြောက်လာသည့် အမျိုးသမီးက ပြောဆိုကြောင်း ဖော်ပြထားသည်။

ထို့အပြင် ကျားဖြန့်လုပ်ငန်းအတွင်း ရောက်ရှိသွားသူများမှာ လုပ်ငန်းရှင်အပြင် ပွဲစားများ၏ လုပ်ခလစာခေါင်းပုံ ဖြတ်စားခြင်းကို ယွမ်နှစ်ထောင်ခန့်ပေးရသည်ဟုလည်း ဖော်ပြသည်။

 

၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်တပ်များ၏ တိုက်ခိုက်ရှင်းလင်းမှုကြောင့် ရှမ်းမြောက်ရှိ ကျားဖြန့် လုပ်ငန်းများသည် တန့်ယန်း၊ ဝမ်ဟိုင်းဘက်သို့ပြောင်းရွေ့အခြေချလာကြပြီး SSPP က အကာကွယ်ပေးထားသည်ဟုလည်း Tachileik News Agency ၏ သတင်းအရင်းအမြစ်က ပြောဆိုသည်။

တန့်ယန်းမြို့ နမ့်ဟူးကျေးရွာနှင့်  ပိန်းကောင်းကျေးရွာဘက်က ကျားဖြန့်ရုံများကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက UWSA တပ်များဝင်စီးရာ အွန်လိုင်းငွေလိမ် လုပ်ကိုင်နေသော တရုတ်လူမျိုး(၈၀၀)နီးပါးနှင့် တိုင်းရင်းသားလူငယ် (၃၀၀)ကျော်ကို ဖမ်းဆီးရမိသည်ဟု UWSA လားရှိုးမြို့ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက Tachileik News Agency ကို ဖြေကြားထားသည်။

အဆိုပါ တရုတ်နိုင်ငံသားများကို ပန်ဝိုင်မြို့နယ်ရှိ”ဝ”တပ်ဖွဲ့ ထိန်းချုပ်ထားသော မြန်မာ-တရုတ် နယ်စပ်ဂိတ်ကတဆင့် တရုတ်ရဲတပ်ဖွဲ့ ထံ လွှဲပြောင်းပေးလိုက်သည်ဟုလည်း ဦးညီရမ်းက ပြောဆိုသည်။

ထို့အပြင် ဒီဇင်ဘာလ(၂)ရက်နေ့တွင် တန့်ယန်းမြို့နယ်အတွင်းက ကျားဖြန့်လုပ်ငန်းကို ဝင်ရောက်ဖမ်းဆီးရာ လုပ်ကိုင်နေသူ(၅၀)ဝန်းကျင်ကိုလည်း ဖမ်းဆီးခဲ့သည်ဟု စစ်ကောင်စီဘက်က ဖော်ပြသည်။