လူကြီး လမ်းကြောင်းအတွက် မိုင်းလာရှင်းသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရသဖြင့် လမ်းဘေးချုံများကို မီးရှို့ ရှင်းလင်းသွား 

လူကြီး လမ်းကြောင်းအတွက် မိုင်းလာရှင်းသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရသဖြင့် လမ်းဘေးချုံများကို မီးရှို့ ရှင်းလင်းသွား 

 စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၌ လူကြီးလမ်း ကြောင်းအတွက် မိုင်းလာရှင်းသည့် စစ်ကောင်စီတပ် သားများ မိုင်းဆွဲခံရသဖြင့် လမ်းဘေးချုံများကို မီး ရှို့ရှင်းလင်းသွားသည်ဟု သိရသည်။



နတ်ရေကန်အထိုင်ချ စစ်ကောင်စီတပ်သားများသည်  ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့ နံနက်ပိုင်းတွင် အင်အား(၃၀)ဝန်းကျင်ဖြင့် နတ်ရေကန်နှင့် ဂွေးပင်တောကျေးရွာကြား၌ မိုင်းလာရှင်း စဥ် Snipe Rangers Force (Local - PDF)က မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 

မြင်းမူ နှင့် ချောင်းဦးမြို့နယ်အစပ်၌ မိုင်းလာရှင်းစဥ် တော်လှန်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။



"လူကြီးခရီးစဥ် ရှိတာမလို့ မိုင်းရှင်းဖို့ အတွက်လို့ သိရတယ်။ မိုင်းရှင်းမဲ့အုပ်စုကို အကာအကွယ်ပေးဖို့ ထွက်လာတဲ့အုပ်စုကို မိုင်းဆွဲတာပါ။"ဟု Snipe Rangers Force (Local - PDF)မှ ဆလိုင်းထက်ပိုင်ဖြိုး (ရဲဘော် ဆလိုင်း)က Tachileik News Agency ကို ပြောသည်။ 

စစ်ကောင်စီတပ်သားများအား ပဒေသာမိုင်း(၃)ပွိုင့် ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ပြီးနောက် နတ်ရေကန်မှ နောက်တိုး အင်းအား(၄၀)ဝန်းကျင်ဖြင့် ပတ်ဝန်ကျင်အား လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပစ်ခတ်၍ လမ်းဘေးချုံပုတ်များအား မီးရှို့ရှင်းလင်းသွားသည်ဟု ဆိုသည်။ 

အဆိုပါတိုက်ခိုက်မူအပြီး လမ်းကြောအား စစ်ကောင်စီတပ်က (၃)နာရီကြာပိတ်ထားခဲ့ပြီး လမ်းပြန်ဖွင့်ချိန်တွင် ဂျန်ပါကား(၄)စီး မြင်းမူဖက်သို့ မောင်းနှင်သွားသည်ဟု သိရသည်။ 

"ကားတွေ အားလုံးပိတ်ပြီး ရှင်းလင်းရေး သူတို့ ထပ်လုပ်တာ။ လမ်းဘေး ပတ်ချာလည်မှာရှိတဲ့ ချုံတွေ အားလုံးကို မီးရိူ့တဲ့ကောင်ကရှို့ ရမ်းပစ်တဲ့ကောင်က ပစ်လုပ်ပါတယ်။ လူကြီးခရီးစဥ် ချက်ချင်းတော့မဟုတ်သေးဘူး။ လမ်းပွိုင့်ကြိုယူတဲ့ သဘောမျိုးဖြစ်မယ်။"ဟု ဆလိုင်းထက်ပိုင်ဖြိုး (ရဲဘော် ဆလိုင်း)က ပြောသည်။ 

အဆိုပါ စစ်ကောင်စီတပ်သည် ဇန်နဝါရီလ (၅)ရက်နေ့မှ (၁၈)ရက်‌နေ့အထိ (၁၄)ရက်ကြာ မုံရွာ-အရာတော်လမ်းပိုင်းတိုက်ပွဲတွင် ထိခိုက်မှုများပြီး အရပ် သားများအား ဓားစာခံအဖြစ်ဖမ်းဆီးခြင်း၊ ဒေသခံ ၏ ရွှေ(၅၀)ကျပ်သား၊ ငွေသားနှင့် အဖိုးတန်ပစ္စည်းများကို လိုက်လံခိုးယူသယ်‌ဆောင်၍ နေအိမ်များကို ဖျက်ဆီးသွားသည့် တပ်ဖြစ်သည်ဟု သိရသည်။



"ပြီးခဲ့တဲ့ ရက်ပိုင်းက မုံရွှာ - အရာတော် လမ်းပိုင်းမှာ သောင်းကျန်းသွားတဲ့ စစ်ခွေးတွေပါ။ ပြည်သူတွေဆီကနေ ငွေကြေး ပစ္စည်းဥစ္စာ ခိုးသွားတဲ့ ကောင်တွေပါ။ သိန်းထောင်ချီ ခိုးသွားတဲ့ ကောင်တွေပါ။"ဟု ဆလိုင်းထက်ပိုင်ဖြိုး (ရဲဘော် ဆလိုင်း)က ပြောသည်။ 

မိုင်းဆွဲတိုက်ခိုက်မူကို Snipe Ranges Force (Local - PDF) နှင့် PGC(မြင်းမူ)တို့ ပူးပေါင်းတိုက် ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။