တာချီလိတ်ဘက်ကနေ မယ်ဆိုင်ဘက်ကို မူးယစ်ဆေးပြား တစ်သန်း သယ်လာသည့်အဖွဲ့နှင့် ထိုင်းနယ်စပ်ကင်းလှည့်အဖွဲ့ ပစ်ခတ်မှု ဖြစ်ပွား

Photo:  Pha Muang Special
Photo:  Pha Muang Special
တာချီလိတ်ဘက်ကနေ မယ်ဆိုင်ဘက်ကို မူးယစ်ဆေးပြား တစ်သန်း သယ်လာသည့်အဖွဲ့နှင့် ထိုင်းနယ်စပ်ကင်းလှည့်အဖွဲ့ ပစ်ခတ်မှု ဖြစ်ပွား

 မြန်မာ - ထိုင်းနယ်စပ်ဒေသ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်အတွင်း နယ်စပ်လမ်းကြောင်းကနေ   စိတ်ကြွရူးသွပ်ဆေးပြား တစ်သန်း သယ်လာသည့်အဖွဲ့နှင့် ထိုင်းစစ်တပ်တို့ ပစ်ခတ်မှုဖြစ်ပွားကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၂)ရက်နေ့ နံနက်(၅)နာရီ ဝန်းကျင်အချိန်က မယ်ဆိုင်မြို့နယ်   ဖာမီတောင်ဧရိယာအတွင်း နယ်စပ်ကင်းလှည့်တပ်ဖွဲ့နှင့် မူးယစ်ဆေးသယ်သည့်အဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပွားရာနေရာကို ထိုင်းစစ်တပ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများပါဝင်သည့် အဖွဲ့ဖြင့် နံနက်ပိုင်းမှာပင် သွားရောက်စစ်ဆေးရာ ဆာလာအိတ် (၅)လုံးကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆာလာအိတ်များအတွင်းမှ စိတ်ကြွရူးသွပ် မူးယစ်ဆေးပြား (၁)သန်းဝန်းကျင်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း နှင့် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မူးယစ်ဆေးသယ်အဖွဲ့သည် တာချီလိတ်ဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။

မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသည့် လမ်းကြောင်းမှာ နယ်စပ်နှင့်ထိစပ်နေသည့် တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ် ဖာမီအစပ်တွင် ဖြစ်ကြောင်း သိရသည်။

တာချီလိတ် - မယ်ဆိုင် နယ်စပ်လမ်းကြောင်း နှင့် ပတ်သက်၍ ဖေဖော်ဝါရီလ(၁)ရက်နေ့ကလည်း တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း မယ်ဆိုင်ချောင်းအနီးတဝိုက်တွင် မယ်ဆိုင်ဘက်သို့ ပို့ဆောင်မည့် ဆာလာအိတ်(၇)အိတ်ဖြင့် ထည့်ထားသည့်  စိတ်ကြွရူးသွပ်ဆေးပြား (၁၇)သိန်းကျော်ကိုလည်း တာချီလိတ်စစ်တပ်နှင့်ရဲတပ်ဖွဲ့က ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိကြောင်းလည်း သိရသည်။