တာချီလိတ်မြို့ ဝမ်မိုင်ရွာအနီး အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

တာချီလိတ်မြို့ ဝမ်မိုင်ရွာအနီး အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
ဖေဖော်ဝါရီ 2, 2025 | ရှမ်းရှေ့| မှုခင်းသတင်း

 

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် ဝမ်မိုင်ရွာအနီး  အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ဝမ်မိုင်ရွာအနီး  နှင့် အိုအေစစ်လိုင်းခန်းအနီးရှိ  စနူကာခုံရှေ့တွင် ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၂)ရက်နေ့ နံနက်ပိုင်းက အမျိုးသမီးတစ်ဦး ပစ်သတ်ခံရခြင်းဖြစ်ပြီး သေဆုံးနေသည်ကို နံနက်(၁၀)နာရီဝန်းကျင်ကမှ သိရခြင်း ဖြစ်ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်သတ်ခံသူမှာ အသက်(၃၆)နှစ်ရှိ မနန်းလျံဆိုသူဖြစ်ကြောင်းနှင့် ၎င်းသည် စနူကာခုံပိုင်ရှင်ဖြစ်သလို အနေအေးသူဖြစ်ကြောင်း သိရသည်။

 ၎င်းသည် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရင်ဘတ်တွင် ကျည်ပွင့်ထွက်သွားသည့် ဒဏ်ရာဖြင့် သေဆုံးနေခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူသည် စနူကာခုံ သံတံခါးကို ဖွင့်ပြီး မိနစ်အပိုင်းအတွင်းမှာ သေနတ်ဖြင့် လာရောက်ပစ်ခတ်ခံရသည့် အနေအထားဖြစ်နေသည်ကို တွေ့ရသော်လည်း မည်သည့်ကိစ္စကြောင့် ပစ်သတ်သွားသည်ကို မသိရသေးကြောင်း သိရသည်။