တာချီလိတ်မြို့တွင် အဆိုးရွားဆုံး စံချိန်တင် ရေကြီးရေလျှံမှုဖြစ်ပေါ်နေပြီး ရေများမှာ ဆက်လက် တက်နေဆဲဖြစ်၍ မယ်ဆိုင်ချောင်းနှင့် အနီးဆုံးဖြစ်သည့် ပုန်းထွန်ရပ်ကွက်အတွင်း၌ ပိတ်မိနေသူများ၍ အကူအညီ လိုအပ်နေကြောင်း သိရသည်။
ပုန်ထွန်းရပ်ကွက်အတွင်း (၂)လမ်းထိပ် အပါအဝင် လမ်းသွယ်များ အားလုံးတွင် ရေများမှာ တစတစ ပိုမိုတက်လာနေပြီး နေအိမ် နှစ်ထပ်ရှိရာ၌ အောက်ဆုံးအထပ်တွင် ရေများ နစ်မြုပ်နေပြီး ညနေ (၅)နာရီဝန်းကျင်ကစပြီး ဒုတိယအထပ်သို့ စတက်လာနေကြောင်း သိရသည်။
"ပုန်းထွန်ရပ်ကွက်အတွင်း အကုန်လုံးလိုလိုပဲ၊ အခုက နှစ်ထပ်အထိ ရေစတက်နေတော့ အကုန်လုံး ပိတ်မိနေတာ"ဟု ပုန်းထွန်ရပ်ကွက်အတွင်း ပိတ်မိနေသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။
တာချီလိတ်မြို့တွင် ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ နံနက်အစောပိုင်းကစပြီး ညနေပိုင်းအထိ ရေများမှာ လျော့ကျသွားခြင်းမရှိဘဲ ပိုမိုတက်လာနေ၍ လာရောက်ကယ်ဆယ်ခေါ်ဆောင်ပေးမည့် အကူအညီများ လိုအပ်နေကြခြင်း ဖြစ်သည်။
"ရေက တနေကုန် တက်လာနေတာ။ ညပိုင်းအထိ ဆက်ပြီး တက်လာနေရင် နေစရာမရှိတော့ဘူး။ အိမ်အောက်ထပ်လဲ ရေက မြုပ်သွားပြီ။ ညပိုင်းမှာ အပေါ်ထိ တက်လာရင် ပိုခက်ကုန်မှာ မီးကလည်း ဖြတ်ထားရတော့ ပိုပြီး အခက်တွေ့ကုန်မှာ။ ပေးထားတဲ့ ဆက်သွယ်ရန် ဖုန်းနံပါတ်တွေလည်း ဆက်သွယ်လို့မရဘူးဖြစ်နေတယ်။"ဟု ပိတ်မိနေသည့် အမျိုးသမီး တစ်ဦးက ပြောသည်။
ပိတ်မိနေသူများထဲတွင် သက်ကြီး ရွယ်အိုများနှင့် ကလေးငယ်များလည်း ပါဝင်ကြောင်း သိရသည်။