မွန်ပြည်နယ် ရေးမြို့နယ် မြို့မရဲစခန်းတွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအချုပ်သားတချို့ ရဲများအားတိုက်ခိုက်ပြီး ထွက်ပြေးလွတ်မြောက်လာသည် ဟု သိရသည်။
အကြမ်းဖက်မှုပုဒ်မ ၅၀(က)၊ ၅၀(ည)တို့နှင့် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအချုပ်သား(၆)ဦးဝန်းကျင်သည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ နံနက်ပိုင်းက ထွက်ပြေးလွတ်မြောက်ခြင်းဖြစ်ပြီး တစ်ဦးကို ရေးဘီလူးတပ်ဖွဲ့က ကယ်တင်ထားသည်ဟု သိရသည်။
"မနေ့က မနက် (၉) နာရီလောက် အချုပ်တံခါးဖွင့်တဲ့အချိန် ထမင်းပုံးလာပို့တဲ့အချိန် အပြင်တံခါးတစ်ချပ် ပွင့်နေချိန် တံခါးဆွဲဖွင့်ပြီးတော့ အချုပ်စောင့်တဲ့ရဲတွေကို ပြန်လည်ခုခံပြီး လွတ်မြောက်လာတာပါ။"ဟု ရေးဘီးလူးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
အချုပ်သားများက ထွက်ပြေးစဥ် ရဲများအားတိုက် ခိုက်ရာ ရေးမြို့မရဲစခန်းတာဝန်ခံ ဒုရဲအုပ် တစ်ဦးနှင့် တပ်သား(၂)ဦး သေဆုံးသည်ဟု သိရသည်။
"ထွက်ပြေးလာသူက (၆) ယောက်လောက်ရှိတယ်။ ဒီကြားထဲ ပြန်မိတာလည်းရှိတယ်။ လူတွေကွဲနေတာလည်းရှိတယ်။ အတိတကျတော့ ပြောမရသေးဘူး။ တစ်ယောက်တည်းပဲ ကယ်တင်လို့ရသေးတယ်ဗျ။"ဟု ၄င်းက ဆက်ပြောသည်။
ထွက်ပေါ်လာသည့် ရဲကြေးနန်းတွင်မူ ရေးမြို့မရဲစခန်း၌ အချုပ်သားများသည် ရဲကင်းအဖွဲ့ကို ထုတ်ပေးထားသော လက်နက်ခဲယမ်းများရရှိကာ ဗဟိုကင်းနေရာတွင် လုံခြုံရေးယူထားသော ရဲများနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားသည်ဟု ဖော်ပြသည်။
#TachileikNewsAgency
#TNA_MAT