“တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ၊ ထိုင်းရောက်တို့မြန်မာ”မှ ဘတ် (၂) သန်းကို NUG သို့ လှူဒါန်းထားပြီး ကံစမ်းမဲလက်မှတ်များ ဒီဇင်ဘာလကုန်အထိ ဆက်လက်ရောင်းချမည်

“တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ၊ ထိုင်းရောက်တို့မြန်မာ”မှ ဘတ် (၂) သန်းကို NUG သို့ လှူဒါန်းထားပြီး ကံစမ်းမဲလက်မှတ်များ ဒီဇင်ဘာလကုန်အထိ ဆက်လက်ရောင်းချမည်
ဒီဇင်ဘာ 14, 2021 | အခြားဒေသများ

"တော်လှန် ကျန်းမာ အနာဂတ် ကမ္ဘာ ထိုင်းရောက် တို့မြန်မာ" ကံစမ်းမဲလက်မှတ်ရောင်းရငွေ ဘတ် (၂) သန်းကို  အမျိုးသားညီညွတ်ရေးအစိုးရထံ ထိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီ(AAC)က ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် ပေးအပ်ထားပြီး ကံစမ်းမဲလက်မှတ်များကို ဒီဇင်ဘာလအကုန်အထိ ဆက်လက်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျန်းမာရေးဒုတိယဝန်ကြီး ဒေါက်တာဒေါ်ရွှေပုံထံ AAC မှ ဦးရဲမင်းက လွတ်မြောက်နယ်မြေတစ်ခုတွင် ရန်ပုံငွေ ဘတ် ၂ သန်း ပေးအပ်လိုက်ကြောင်း သိရှိရသည်။

အခုလောလောဆယ် ကျနော်တို့ ဘတ် (၂)သန်းပေးထားပြီး။ နောက်ထပ်လည်း ရောင်းလို့ရတဲ့ငွေ ထပ်စုနေပါတယ်။ ထိုင်းရောက် မြန်မာတွေရဲ့ အားပေးထောက်ခံမှုအရ ရရှိလာတဲ့ငွေဖြစ်ပါတယ်

ဟု ပွဲစီစဥ်ကျင်းပသူလည်းဖြစ် AAC မဟာမိတ်အဖွဲ့အထွေထွေတာဝန်ခံလည်းဖြစ်သူ AAC မှ ဦးရဲမင်းက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကျန်းမာရေးဝန်ကြီးဌာန(MOH)ကို ဦးတည်ပြီး ထိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီ(AAC)အဖွဲ့က ရန်ပုံငွေရှာ‌ဖွေရေးအဖြစ် ရောင်းချနေခြင်းဖြစ်ပြီး ကံစမ်းမဲလက်မှတ်များကို ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ ထိုင်းရောက်တို့မြန်မာ ၏ facebook page မှလည်းကောင်း Ye Min - Family ၏ facebook page ( https://www.facebook.com/yeminphyuthazinoo )မှလည်းကောင်း ဆက်သွယ်ဝယ်ယူနိုင်ကြကြောင်း သိရသည်။