မြန်မာ့စစ်အာဏာသိမ်းမှု တော်လှန်ရေး လေးနှစ်မြောက် အထိမ်းအမှတ် ချင်းမိုင်နှင့် ဘန်ကောက်တွင် ပြုလုပ်

မြန်မာ့စစ်အာဏာသိမ်းမှု တော်လှန်ရေး လေးနှစ်မြောက် အထိမ်းအမှတ် ချင်းမိုင်နှင့် ဘန်ကောက်တွင် ပြုလုပ်

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုအား ဆန့်ကျင်ကြသည့် (၄)နှစ်မြောက်အဖြစ် မြန်မာ့ဒီမိုကရေစီမဟာမိတ် ထိုင်းနိုင်ငံသားများက ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့တွင် ဘန်ကောက်နှင့် ချင်းမိုင်တို့တွင် အထိမ်းအမှတ်ပြုလုပ်ကြသည်။

မြန်မာ့စစ်အာဏာသိမ်းမှု တော်လှန်ရေး လေးနှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ချင်းမိုင်မြို့ရှိ မင်းသုံးပါးအထိမ်းအမှတ်ရုပ်တုရှေ့တွင် ယနေ့ ညနေပိုင်းက အစီအစဉ်များစွာဖြင့် ကျင်းပနေသည်ကို တွေ့ရသည်။

ယင်းအပြင် အာရှဒေသတွင်း ဒီမိုကရေစီအရေးလှုပ်ရှားနေကြသည့် ထိုင်းကျောင်းသားလူငယ်များ၏ Milk Tea Alliance Thailand က ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် မြန်မာ့စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် လေးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဆန္ဒပြလှုပ်ရှားမှုကို ယနေ့ညနေတွင် ပြုလုပ်ကြသည်။

အလားတူပင် စစ်အာဏာရှင်ကို အပြင်းထန်ဆုံးရှုတ်ချပြီး မြန်မာပြည်သူများနှင့်အတူဆက်လက်ရပ်တည်ကြောင်း အမေရိကန်၊ ဗြိတိန် ၊ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာကလည်း မြန်မာ့စစ်အာဏာသိမ်းမှု လေးနစ်ပြည့်ချိန်ဖြစ်သည့် ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့တွင် အသီးသီးထုတ်ပြန်ကြေညာကြသည်။

စစ်အာဏာသိမ်းလိုက်သည့်အချိန်မှစ၍ ပြည်သူ့အခွင့်အရေးများ၊ ဒီမိုကရေစီမျှော်လင့်ချက်များ ပျောက်ကွယ်ဆုံးရှုံးနေပြီး  လွတ်လပ်မှုနှင့် အသက်အိုးအိမ်ကိုပါ ဆုံးရှုံးကြရသည့် မြန်မာပြည်သူလူထုနှင့်အတူ ရပ်တည်ကြောင်း နိုင်ငံတကာမှ ယနေ့ ထုတ်ပြန်ကြေညာကြသကဲ့သို့ပင် ပြည်တွင်းမှ မြန်မာပြည်သူများကလည်း စစ်ကောင်စီ၏ တင်းကြပ်လှသည့် ရန်ကုန်မြို့ကဲ့သို့ နေရာမှာပင် လုံခြုံရေးများကြားမှ နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်မှုများကို လုပ်ဆောင်ကြသည်ကိုလည်း တွေ့ရသည်။

#TachileikNewsAgency