ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ MEC ပိုင် Army Rum စက်ရုံအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ အဝေးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။
ရွှေပြည်သာမြို့နယ်ရှိ MEC ပိုင် Army Rum စက်ရုံအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့ ည (၁၀)နာရီကျော်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ အဝေးပစ်လောင်ချာ (79) အသုံးပြု၍ ၄၀ မမ (၃)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျနော်တို့မနေ့က ညကအခြေအနေက စစ်ခွေးတွေ ခြေအရမ်းရူပ်နေတဲ့ကြားက မစ်ရှင်ကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အထိအခိုက် ဘယ်လိုရှိလဲတော့ မသိရပါဘူးဗျ ၊ ဝန်းအထဲကိုတော့ ပစ်လိုက်တဲ့ (၃)လုံး လုံးကျရောက်ပေါက်ကွဲပါတယ်ဗျ။” ဟု အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ယနေ့ ဖေဖော်ဝါရီလ (၁)ရက်နေ့ ညနေပိုင်းတွင် ပြောသည်။
တိုက်ခိုက်မှုအတွင်း အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ လုံခြုံသည့်နေရာသို့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအား ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေး မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
#TNA_LE
Photo: Internet (ပုံဟောင်း)