မြန်မာ့ငလျင်ဘေး လာကူညီနေသည့် တရုတ်ကယ်ဆယ်ရေးအဖွဲ့များ ပြည်တော်ပြန်

မြန်မာ့ငလျင်ဘေး လာကူညီနေသည့် တရုတ်ကယ်ဆယ်ရေးအဖွဲ့များ ပြည်တော်ပြန်

မြန်မာ့ငလျင်ဘေးကြုံရချိန်တွင် အစောဆုံးရောက်လာပြီး ကယ်ဆယ်ရေးအကူအညီများပေးနေသည့် တရုတ်နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့အားလုံး လုပ်ငန်းများပြီးဆုံး၍ ၂၀၂၅ ခုနှစ် ဧပြီလ (၉)ရက်နေ့တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာကြပြီဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ တပ်သားများ၊ ကယ်ဆယ်ရေးအဖွဲ့များနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသမှ ကယ်ဆယ်ရေးအဖွဲ့များသည် ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးပြီဖြစ်၍ ယနေ့နံနက်ပိုင်း၌ တရုတ်လေတပ်၏ လေယာဉ် (၄)စီးဖြင့် နေပြည်တော်မှ ပြန်လည်ထွက်ခွာသွားကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။

ငလျင်ဘေးလာကူညီသည့် ယူနန်ပြည်နယ်ကယ်ဆယ်ရေးနှင့် ဆေးကုသရေးအဖွဲ့သည် ဧပြီလ (၆)ရက်နေ့က ရန်ကုန်မြို့မှလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ကြခြင်းဖြစ်သည်။

မတ်လ (၂၈)ရက်နေ့က စစ်ကိုင်းကို ဗဟိုပြုသည့် ပြင်းအား(၇.၇)ငလျင်ဒဏ်ခံရသည့် မြန်မာနိုင်ငံကို ကူညီရန် ငလျင်လှုပ်ပြီး (၁၈)နာရီအကြာတွင် မြန်မာနယ်စပ်ရှိ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးအဖွဲ့ ရောက်လာကြခြင်းဖြစ်သည်။

တရုတ်နိုင်ငံက မြန်မာငလျင်ကယ်ဆယ်ရေးအတွက် နိုင်ငံတော်အဆင့် ကယ်ဆယ်ရေးအဖွဲ့ (၄)ဖွဲ့၊ အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့ (၁၅)ဖွဲ့ စုစုပေါင်း လူအင်အား (၅၀၀)နီးပါးစေလွှတ်ခဲ့ပြီး စစ်ကောင်စီက နေရာချထားပေးသည့်နေရာများတွင် ရှာဖွေကယ်ဆယ်ရေး၊ ကုသရေး၊ ယာယီစခန်းများ ဆောက်ပေးခြင်းတို့ကို လုပ်ပေးခဲ့ကြခြင်းဖြစ်သည်။

ယင်းအပြင် ငလျင်ဘေးကယ်ဆယ်ရေးအတွက် ရန်ပုံငွေ၊ ကယ်ဆယ်ရေး အထောက်အကူပြု ပစ္စည်းများကို စစ်ကောင်စီထံ တောက်လျှောက်ပို့နေခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်းများကို လေကြောင်းလိုင်းအပြင် ကုန်းလမ်းမှပါ ပို့ဆောင်နိုင်ရန် တရုတ်ကုမ္ပဏီများက ကူညီပေးနေခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency