အာဏာသိမ်းမှု လေးနှစ်ပြည့်ချိန်တွင် အကြမ်းဖက်မှုများ ချက်ချင်းလျှော့ချရန်နှင့် နိုင်ငံတစ်ဝန်းသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အတားအဆီးမရှိ အပြည့်အဝ ဘေးကင်းလုံခြုံစွာ ပေးအပ်ခွင့်ပြုရန် စစ်အုပ်စုအား ဥရောပသမဂ္ဂနှင့် နိုင်ငံ (၈)နိုင်ငံမှ အစိုးရများက တိုက်တွန်းတောင်းဆိုသည်။
ယနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု လေးနှစ်ပြည့်ခြင်းအပေါ် သြစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ကိုရီးယားသမ္မတနိုင်ငံ၊ နယူးဇီလန်၊ နော်ဝေး၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စုတို့မှ ပူးတွဲကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။
ယနေ့သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ တင်မြှောက်ထားသည့် အစိုးရကို မြန်မာစစ်အာဏာရှင်က ဖယ်ရှားခဲ့ပြီး အင်ဒိုပစိဖိတ်ဒေသအတွင်း အကြီးမားဆုံးသော အကျပ်အတည်းများထဲမှ တစ်ခုကိုဖန်တီးခဲ့ခြင်း လေးနှစ်ပြည့်မြောက်သည့်နေ့ဖြစ်ပြီး ၊ အာဏာသိမ်းလိုက်သည့်အချိန်မှစ၍ မြန်မာပြည်သူပြည်သားများ၏ အခွင့်အရေးများ၊ ဒီမိုကရေစီမျှော်လင့်ချက်များ ပျောက်ကွယ်ဆုံးရှုံးနေပြီး ထောင်ပေါင်းများစွာသော ပြည်သူတို့၏ လွတ်လပ်မှုနှင့် အသက်အိုးအိမ်ကိုပါ ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။
မြန်မာစစ်အာဏာရှင်အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား/မအခြေပြုအကြမ်းဖက်မှုများ၊ ဘာသာရေးနှင့်တိုင်းရင်းသားလူနည်းစုများအပေါ် စနစ်တကျ နှိပ်ကွပ်မှုနှင့် ခွဲခြားဆက်ဆံမှုများ အပါအဝင် အကြမ်းဖက်မှုများ အရှိန်မြှင့်ဆောင်ရွက်နေခြင်းကို အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချကြောင်း အသိပေးထားသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများသည် အရပ်သားပြည်သူများကို အသက်ဆုံးရှုံးစေပြီး ကျောင်းများ၊ ဈေးများ၊ ဝတ်ပြုရာနေရာများနှင့် ဆေးရုံ၊ဆေးခန်းများကို ပျက်စီးစေခဲ့ကာ ထိုတိုက်ခိုက်မှုများသည် ၂၀၂၁ ခုနှစ်ကထက် (၂၅) ဆနီးပါး တိုးမြင့်လာရာ တစ်ရက်လျှင် လေကြောင်းတိုက်ခိုက်မှု ပျမ်းမျှ (၃) ကြိမ်ရှိကြောင်း ဖော်ညွှန်းနေသည်ဟု ဆိုသည်။
ပဋိပက္ခဖြစ်ပွားခြင်းမရှိသည့် ဒေသများတွင် အဆိုပါလေကြောင်းတိုက်ခိုက်မှုများ မြင့်မားလာခြင်းသည် စစ်တပ်၏ အကြမ်းဖက်မှုများ အရှိန်မြှင့်ဆောင်ရွက်နေခြင်းကို အထင်းသားပေါ်လွင်စေသည်ကြောင်း ဥရောပသမဂ္ဂနှင့် နိုင်ငံ (၈)နိုင်ငံမှ အစိုးရများက အသိပေးသည်။
၂၀၂၅ ခုနှစ်တွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်ချက်များသည် အာဏာသိမ်းပြီးသည့်အချိန်ကထက် အဆ (၂၀) ပိုမိုတိုးမြင့်လာခဲ့ပြီး နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံ သို့မဟုတ် (၁၉.၉) သန်းကျော်သည် လူသားချင်းစာနာမှုဆိုင်ရာ အခြေခံအထောက်အပံ့များကို လိုအပ်လျက်ရှိကြကာ ခန့်မှန်းခြေ (၁၅.၂) သန်းမျှသော ပြည်သူများသည် စားနပ်ရိက္ခာထောက်ပံ့မှုကို လိုအပ်နေသည်ဟု ဆိုသည်။
ပိုမိုများပြားလာသော လိုအပ်ချက်များနှင့် ဆက်လက်ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာခဲ့ရသော ပြည်သူအရေအတွက်မှာ ယမန်နှစ်ကထက် (၁) သန်းနီးပါး တိုးမြင့်လာရာ စုစုပေါင်း (၃.၅) သန်းကျော်ရှိနေပြီဖြစ်ကြောင်း ထောက်ပြသည်။
ထို့ပြင် မြန်မာနိုင်ငံနယ်နိမိတ်များကို ဖြတ်ကျော်တိမ်းရှောင်ထွက်ပြေးခဲ့ရသည့် ပြည်သူအမြောက်အမြားလည်းရှိပြီး မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနှင့် တရားမဝင်ကုန်သွယ်ခြင်း၊ ငွေကြေးလိမ်လည်သည့်လုပ်ငန်းများနှင့် လူကုန်ကူးမှုများအပါအဝင် တိုးမြင့်လာသော နိုင်ငံဖြတ်ကျော်မှုခင်းများကြောင့် မြန်မာပြည်သူအများအပြား ထိခိုက်နစ်နာနေရပြီး အိမ်နီးချင်းနိုင်ငံများအပေါ်တွင်လည်း သက်ရောက်မှုရှိစေကာ ဒေသတွင်းမတည်ငြိမ်မှုများ ပိုမိုဖြစ်ပေါ်စေနိုင်သည်ဟု ဆိုသည်။
ယခုလက်ရှိ ဖြစ်ပေါ်နေမှုများကြောင့် မြန်မာနိုင်ငံအတွက်ဖြစ်စေ၊ ဒေသတွင်းနိုင်ငံများအတွက်ဖြစ်စေ ရေရှည်အကျိုးဖြစ်ထွန်းစေမည်မဟုတ်ဘဲ ယခုအချိန်သည် မြန်မာစစ်အာဏာရှင်အနေနှင့် ၄င်းတို့၏လုပ်ရပ်များကို အမြန်ဆုံးရပ်တန့်ပြောင်းလဲသင့်သော အချိန်ဖြစ်ကြောင်း ဥရောပသမဂ္ဂနှင့် နိုင်ငံ (၈) နိုင်ငံမှ အစိုးရများက တိုက်တွန်းထားသည်။
ပြည်သူများနှင့် အရပ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံများကို ပျက်စီးစေခြင်းအပါအဝင် အကြမ်းဖက်မှုများကို အဆုံးသတ်ရန်၊ မတရားဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးရန် နှင့် စစ်မှန်ပြီး အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် မြန်မာစစ်အာဏာရှင်အား အလေးအနက် တိုက်တွန်းသည်ဟု ဆိုသည်။
မြန်မာနိုင်ငံအရေးကိစ္စကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာသည့် ဒုက္ခသည်အကျပ်အတည်းကို ဖြေရှင်းရာတွင် အာဆီယံဥက္ကဌ၏ အထူးကိုယ်စားလှယ်အပါအဝင် အာဆီယံအဖွဲ့အစည်း၏ ပဓာနကျသည့် အခန်းကဏ္ဍနှင့် ဘုံသဘောတူညီချက် (၅)ရပ်အပေါ် ဆက်လက်အားပေးထောက်ခံနေသည်ဟု ဆိုသည်။
ဆက်လက်၍ မြန်မာပြည်သူများနှင့်အတူ တသားတည်း ရပ်တည်သွားမည်ဖြစ်ပြီး မြန်မာပြည်သူများ မျှော်လင့်သည့် အားလုံးပါဝင်ပြီး ငြိမ်းချမ်းသာယာဝပြောသည့် အနာဂတ်ဖြစ်ပေါ်လာရေးကို အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂနှင့် နိုင်ငံ (၈)နိုင်ငံမှ အစိုးရများက ပူးတွဲကြေညာချက်ထုတ်ပြန် အသိပေးထားသည်။
#TachileikNewsAgency
#TNA_LE
Photo: တာချီလိတ်မြို့တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်စဥ် (ပုံဟောင်း)