ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်၏ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူသွားပြီး နောက်ထပ် သံဃာတော်တစ်ပါး နှင့် ပြည်သူ့ တစ်ဦး တ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ထံမှ သိရသည်။
ညောင်လေးပင်ခရိုင် ဆောထိ ( ရွှေကျင် ) မြို့နယ်တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ( ၂၁ ) ရက်နေ့ ညနေ ( ၃ ) နာရီဝန်းကျင်က ရေကြည်ချောင်းကျေးရွာ ဘုန်းကြီးကျောင်းမှ စစ်ကောင်စီတပ်များသည် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ပြီးနောက် ဒရုန်းဖြင့် လာရောက် တိုက်ခိုက်ခဲ့ရာ မှော်ဖျားကျေးရွာ နှင့် ကွင်းဒလကြီးကျေးရွာ ၊တောရကျောင်း၊ သစ်ကျောင်းသို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ပထမအကြိမ် ဒရုန်းဖြင့် တိုက်ခိုက်မှုတွင် မှော်ဖျားကျေးရွာနေ ကိုမင်းထက် နေအိမ်ရှေ့သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ( ၃၅ ) နှစ်ရှိ ကိုမင်းထက် လက်မောင်းတွင် ကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ် တိုက်ခိုက်မှုတွင် ကွင်းဒလကြီးကျေးရွာ တောရကျောင်း၊ သစ်ကျောင်းပေါ်သို့ ကျရောက်ခဲ့ပြီး သက်တော် (၅၀) နှစ်ရှိ သံဃာတော် ဦးပန်နဝ ပျံလွန်တော်မူခဲ့ပြီး သက်တော် (၄၉)နှစ်ရှိ သံဃာတော် ဦးတေဇမှာ ဘယ်ဘက် ပေါင်တွင် ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ( ၂၁ ) ရက်နေ့ နံနက် ( ၁၀ ) နာရီတွင် ပိန်းဇလုပ်အခြေစိုက်တပ် ( ၂၆၄ ) မှ လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ပျဉ်ရေ အနောက်ဘက် ကမ်းကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံတဦး၏ နေအိမ်ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အပြင် ညောင်လေးပင်ခရိုင် မူး ( မုန်း ) မြို့နယ်တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ( ၁၈ ) ရက်နေ့ နံနက် ( ၆ ) နာရီတွင် ခိုဖလလေးခို တပ်စခန်းမှ စစ်ကောင်စီတပ်များသည် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ၎င်း၏တပ်သား (၅)ဦးကို ပြန်လည်ပို့ဆောင်နေစဉ် တရေခိုကျေးရွာအတွင်းသို့ ရောက်ရှိပြီးနောက် ကျေးရွာနေ အရပ်သား (၃) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည့် အရပ်သား ( ၃ ) ဦးမှာ အသက် ( ၂၅ ) နှစ်ရှိ စောဟန်နေထူး ၊ အသက် ( ၂၃ )နှစ်ရှိ စောဘုဘေ နှင့် အသက် ( ၁၈ ) နှစ် စောဒါးဒါး တို့ဖြစ်ပြီး ယနေ့ ဇန်နဝါရီလ ( ၂၃ ) ရက်နေ့အထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။
လယ်ဒို ( ကျောက်ကြီး ) မြို့နယ်တွင်လည်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ( ၁၇ ) ရက်နေ့ ည( ၆ ) နာရီကျော်တွင် ကွမ်းချောင်းဝမှနေသည့် စစ်ကောင်စီတပ်များသည် ၁၂၀မမ (၁) လုံး ပစ်ခတ်ခဲ့ရာ တောကြောင်ပေါက် ကျေးရွာအနီးတွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး ၊ ဒရုန်းများဖြင့် လိုက်လံပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ စိုးရိမ်ကြောက်ရွံမှုဖြင့် နေထိုင်နေကြရကြောင်း သိရသည်။
Photo: KNU