လက်နက်ကိုင်ကာ ပြည်သူအပေါ် အနိုင်ကျင့်နေသည့်  အာဏာသိမ်းအဖွဲ့အား လက်နက်ရောင်းချမှုပိတ်ပင်ရေး ကုလမြန်မာသံအမတ် တိုက်တွန်း

လက်နက်ကိုင်ကာ ပြည်သူအပေါ် အနိုင်ကျင့်နေသည့်  အာဏာသိမ်းအဖွဲ့အား လက်နက်ရောင်းချမှုပိတ်ပင်ရေး ကုလမြန်မာသံအမတ် တိုက်တွန်း
ဧပြီ 6, 2022 | နိုင်ငံရေး

 လက်နက်ကိုင်ထားသူများက လက်နက်များကို တာဝန်မဲ့စွာအသုံးပြုခြင်းမှ ဖြစ်ပေါ်လာသော နောက်ဆက်တွဲဆိုးကျိုးများကို မြန်မာနှင့် ယူကရိန်းပြည်သူများ ခံစားနေရကြရသည်ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ၂၀၂၂ ခုနှစ် ဧပြီလ (၅) ရက်နေ့တွင် ကျင်းပသည့် ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေးကော်မရှင်၏ အထွေထွေဆွေးနွေးမှုအစီအစဉ်တွင် ပြောကြားလိုက်သည်။

လက်ရှိတွင်  မြန်မာပြည်သူများအနေဖြင့် စစ်တပ်၏ အင်အားအလွန်အကျွံအသုံးပြု၍ ရက်စက်စွာ တိုက်ခိုက်သတ်ဖြတ်မှုများကို ခံစားနေရပြီး ယူကရိန်းပြည်သူများအနေဖြင့် တစ်ဖက်သတ် ရန်လိုကျူးကျော်စစ်ကြောင့် ဆိုးဝါးသောအခြေအနေများကို ကြုံတွေ့နေရသည်ဟု သံအမတ်ကြီး၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။

လက်နက်ရောင်းဝယ်ရေးစာချုပ် (Arms Trade Treaty) သည် သမားရိုးကျလက်နက်များ ရောင်းချခြင်းအပေါ် တာဝန်ခံမှုရှိစေရေးအတွက် အဓိကကျပြီး လက်နက်ရောင်းချခြင်းအပေါ် တင်းကြပ် ထိရောက်သည့် ထိန်းချုပ်မှုများ ပြုလုပ်ပေးပါက နိုင်ငံတစ်ဝန်းရှိ အပြစ်မဲ့ပြည်သူများ၏ အသက်ပေါင်း များစွာကို ကယ်တင်နိုင်မည်ဖြစ်ဟု မြန်မာကုလသံအမတ်ကြီးက ထည့်သွင်းပြောကြားသွားသည်။

သို့ဖြစ်၍ ကုလအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာအာဏာသိမ်းစစ်တပ်ကို လက်နက်နှင့် ဆက်စပ်နည်းပညာများ ရောင်းချခြင်းအား တားမြစ်ရန်နှင့် လမ်းကြောင်းများ ပိတ်ဆို့ရေးပူးပေါင်းဆောင်ရွက်ကြရန် သံအမတ်ကြီးက တိုက်တွန်းလိုက်သည်။

 မြန်မာနိုင်ငံအနေဖြင့် ဒုက္ခဆင်းရဲများ ရင်ဆိုင်နေရသည့် ယူကရိန်းပြည်သူများ၏ ခံစားမှုများကို အပြည့်အဝနားလည်လျှက် ယူကရိန်းပြည်သူများနှင့်အတူ ခိုင်မာစွာရပ်တည်ပါကြောင်းနှင့် ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်တိုက်ခိုက်နေမှုများကို ချက်ချင်းရပ်တန့်ပေးရန် တောင်းဆိုလိုက်ပြီး  စစ်တပ်၏ လူမဆန်စွာ တိုက်ခိုက်သတ်ဖြတ်မှုများကြောင့် ဆိုးဝါးသော ဒုက္ခဆင်းရဲများ ခံစားနေရသည့် မြန်မာပြည်သူများအတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အရေးယူမှုများကို အချိန်မီ ပြတ်ပြတ်သားသားဆောင်ရွက်ပေးပါရန်လည်း တောင်းဆိုလိုက်သည်။

ယင်းအပြင် မြန်မာနိုင်ငံတွင် အာဏာသိမ်းခံရမှုကြောင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၂၂)ရက်နေ့က စတင်သက်ဝင်သည့် နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် (Treaty on the Prohibition of Nuclear Weapons – TPNW)တွင် ပါဝင်ခြင်းမရှိခဲ့သည့်အတွက် အလျင်မြန်ဆုံး ပါဝင်နိုင်ရေး ဆောင်ရွက်သွားမည်ဟုလည်း ထည့်သွင်းပြောကြားသွားသည်။

#TachileikNewsAgency