မြစ်ခြေမြို့နယ် အောင်သာကျေးရွာရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများအား တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်းပြီး စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မြစ်ခြေမြို့နယ် အောင်သာကျေးရွာရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများအား တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်းပြီး စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မကွေးတိုင်း ပခုက္ကူခရိုင် မြစ်ခြေမြို့နယ် အောင်သာကျေးရွာရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းရာ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ထံမှ သိရသည်။

အောင်သာကျေးရွာရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများအား ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၇)ရက်နေ့ မနက်ပိုင်းတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)-အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စုပေါင်းကာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခြေမှုန်းရေးတပ်ဖွဲ့၊ ဖြတ်တောက်ရေးတပ်ဖွဲ့  နှင့် ကာကင်းတပ်ဖွဲ့များခွဲ၍ တိုက်ပွဲဖော်ဆောင်ခဲ့ပြီး နံနက် (၅)နာရီတွင် တိုက်ပွဲစတင်ခဲ့ကာ ခြောက်နာရီခွဲဝန်းကျင်တွင် ပြီးဆုံးခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၁၀)ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း PLA မှ ဆိုသည်။

သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများမှာ G-3 (၄)လက်၊ ကာဘိုင် (၃)လက်၊ ရှော့ဂမ်း (၂)လက်၊ ဝင်ချက်စတာ ခါးချိုး (၁)လက်၊ ၄၀ မမ KIA ထုတ် ၁လက် နှင့် G-3 ကျည်ဘောက် (၉)ဘောက်၊ ကာဘိုင် ကျည်ဘောက် (၅)ဘောက်၊ G3 ကျည် (၁၄၅)တောင့်၊ ကာဘိုင်ကျည် (၈၉)တောင့်၊ တတောင့်ထိုးကျည် (၇၃)တောင့်၊ လက်ပစ်ဗုံး (၁) လုံးနှင့် မိုဘိုင်းဖုန်း (၅)လုံးတို့ ပါဝင်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း (၁၀)ယောက်အား ဗမာပြည်ကွန်မြူနစ်ပါတီ၏ သုံ့ပန်းပေါ်လစီအတိုင်း ထိန်းသိမ်းထားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)-အနောက်မြောက်စစ်ဒေသ ၊ PDO/PDA၊ ABSDF၊ PRF၊ BLY နှင့် ဧရာဒေါင်းတပ်ဖွဲ့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency