မွန်ပြည်နယ် ရေးမြို့အတွင်း ခံစစ်ပြင်နေသည့် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီး ကျောင်းရွာအတွင်းသို့ကျ၍ နေအိမ်နှစ်လုံးပျက်စီးပြီး နေရပ်ပြန်များကို တားဆီးစစ်ဆေးနေသည် ဟု သိရသည်။
မွန်ပြည်နယ် ရေးမြို့ရှိ စကခ (၁၉) နှင့် (၄)မိုင်အကွာ ကျုံလောင်းကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်ပြီးနောက် ခံစစ်ပြင်နေသည့် စစ်ကောင်စီတပ်သည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တစ်ဖက်သတ် ပစ်ခတ်နေခြင်းဖြစ်သည်ဟု ဆိုသည်။
“လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်။ မနေ့က လက်နက်ကြီးနဲ့ပစ်လို့ ကျောင်းရွာမှာရှိတဲ့ ပြည်သူတွေရဲ့ အိမ်နှစ်လုံး ပျက်စီးသွားတယ်။ နောက်ပြီးတော့ တိုက်ပွဲလည်းမရှိဘဲနဲ့ လက်နက်ငယ်နဲ့ ပစ်နေတာတွေရှိတယ်ဗျ။”ဟု မွန်ပြည်တော်လှန်ရေးတပ်(MSRF)မှ ပြောရေးဆိုခွင့်ရှိသူ နာဲဝင်နာဲ က Tachileik News Agency ကိုပြောသည်။
တော်လှန်ရေးတပ်များ၏ စစ်ရေးလှုပ်ရှားမှုကို သိရှိသွားပြီးနောက် ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၉)ရက် နေ့ကစတင်ကာ (၁၁)ရက်နေ့အထိ စစ်ကောင်စီတပ်သည် အင်အား(၄၀၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး ဇန်နဝါရီလ (၁၆)ရက်နေ့တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားကာ ယနေ့ ညနေပိုင်းတွင် ငြိမ်သက်နေသည်ဟု ဆိုသည်။
“အခုတော့ အားလုံးငြိမ်သက်နေတယ်။ နှစ်ဖက်တပ်တွေကတော့ဆိုင်နေဆဲပဲ။ စစ်ကောင်စီဘက်ကလည်း မဆုတ်သွားဘူး။ ကျွန်တော်တို့ဘက်ကလည်း တက်လာရင်ပစ်ဖို့ ဆိုင်နေတာပေါ့နော်။ အဲဒီအခြေ အနေပဲရှိသေးတယ်။”ဟု ၄င်းက ဆက်ပြောသည်။
တိုက်ပွဲများဖြစ်ပြီးနောက် စစ်ကောင်စီတပ်သည် ကျောင်းရွာသို့ပြန်လာသည့် ဒေသခံများကို ရေး-ကျောင်းရွာလမ်းပိုင်းတွင် ပြန်လွှတ်နေကာ စားနပ်ရိက္ခာများလည်း သယ်လာခွင့်မပေးဘဲ ဖြတ်တောက်ထားသည်ဟု သိရသည်။
“လက်နက်ကြီးနဲ့ပစ်နေတာကြောင့် ပြည်သူတွေကတော့ သူတို့ရဲ့ရပ်ရွာတွေကို ပြန်ဖို့တော့ အခြေအနေမပေးသေးဘူး။ နောက်ပြီးတော့ ကျောင်းရွာကို ဝင်လာမယ့်ပြည်သူတွေကို ရေးဖက်ကို ပြန်လှည့်ခိုင်းတယ်။ ခရီးသွားတွေကို အစစ်အဆေးကြမ်းနေတယ်။”ဟု နာဲဝင်နာဲ က ဆက်ပြောသည်။
ဇန်နဝါရီလ (၁၂)ရက်နေ့ကလည်း စစ်ကောင်စီတပ်ဘက်က ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ကာ ရာဘာစေးခြစ်နေသည့် အလုပ်သမားတစ်ဦး ဦးခေါင်းထိမှန် ဒဏ်ရာရရှိခဲ့သည်။
တော်လှန်းရေးတပ်ပေါင်းစုက ရေးမြို့ကို သိမ်းရန်အကြံအစည်ရှိသည်ဟု စစ်ကောင်စီတပ်ဘက်ကယူဆ၍ ၎င်းတို့၏ စစ်ဆင်ရေးကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်က တိုက်ရိုက်ကွပ်ကဲနေသည်ဟု သိရသည်။
ဇန်နဝါရီလ (၉)ရက်နေ့ကစတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အရာရှိအပါအဝင် (၇၀)ဦးဝန်းကျင် သေဆုံးပြီး ဒဏ်ရာရသူများကာ တော်လှန်ရေးအင်အားစုများဘက်မှ ရဲဘော်(၃)ဦး မစိုးရိမ်ရ ဒဏ်ရာရသည်ဟုဆိုသည်။
လက်ရှိတွင် ကျောက်မီးချောင်း၊ ကျုံလောင်း(ရွာသစ်)၊ ကျုံလောင်း(ရွာဟောင်း)၊ ဝယ်ပေါင်၊ ဝယ်ဇင်၊ အိုင်ဘုတ်ရွာများမှ ဒေသခံများအားလုံး တိမ်းရှောင်နေရသည်။
စစ်ကောင်စီတပ်များသည် ရေးမြို့ရှိ စကခ(၁၉)လက်အောက်ခံ ခလရ(၃၁)၊ ခလရ(၆၁)၊ ခလရ(၁၀၆)၊ ခမရ(၂၉၉)၊ ခမရ(၃၄၃)၊ ခမရ(၅၈၆)၊ ခမရ(၅၈၇)၊ ခမရ(၅၈၃)၊ ခမရ(၅၉၁)၊ အမတ(၃၁၆)တို့မှ အင်အားအများအပြားဖြင့် ခံစစ်ပြင်နေသည်။
တော်လှန်ရေးတပ်များဘက်ကမူ မွန်ပြည်တော်လှန်ရေးတပ်၊ မွန်ပြည်သစ်ပါတီ၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော်၊ မွန်ပြည်ကာကွယ်ရေးတပ်၊ KNLA တပ်မဟာ (၆) တပ်ရင်း (၂၇)၊ ဒေါနစစ်ကြောင်း၊ ABSDF တပ်တို့က စစ်ဆိုင်ထားသည်။
#TachileikNewsAgency
#TNA_MAT