ပဲခူးတိုင်း၊ နတ်တလင်းမြို့အရှေ့ဘက် ၁၃ မိုင်ခန့်အကွာ ဆီဆုံကုန်းကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစဉ် ရွာတွင်းပိတ်မိနေခဲ့သည့်အရပ်သားများ အသတ်ခံရကြောင်း နတ်တလင်းအခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ Phonix DF က အတည်ပြုသည်။
စစ်ကောင်စီတပ်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၁၆)ရက်နေ့တွင် ဆီဆုံကုန်းရွာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်လာစဉ် တိမ်းရှောင်ရန် အချိန်မီမထွက်နိုင်သည့် အရပ်သားများ အသတ်ခံရပြီး (၁၀)ဦးထက်မနည်းသေဆုံးသည်ဟု သတင်းများထွက်နေသော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် Phonix DF ကမူ ၎င်းတို့နေဖြင့် (၃)ဦးသေဆုံးသွားသည်ကို လက်ရှိအတည်ပြုနိုင်သည်ဟု သိရသည်။
ပြည်သူ ၁၀ ဦးအသတ်ခံရတယ်ဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ အခုလောလောဆယ်က ၃ ယောက်တော့ အတည်ပြုနိုင်တယ်။ သူတို့(စစ်ကောင်စီတပ်) ၁၆ ရက်နေ့က သူတို့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ပြီး ဝင်လာတော့ အဲဒီတော့ ပြည်သူ ၃ ယောက်ကိုတွေ့လို့ သေနတ်နဲ့ပစ်သတ်သွားတယ်လို့ပဲ ကျွန်တော်တို့ အကြမ်းဖျဉ်းသိထားတယ်
ဟု Phonix DF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။
ဆီဆုံကုန်းရွာကို စစ်ကောင်စီတပ်သည် ၎င်း၏လက်အောက်ခံ ပြည်သူ့စစ်အဖြစ် လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးအဖွဲ့နှင့်အတူ အင်အား(၇၀)ကျော်ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာရာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ကိုကျော်ကျော်၊ ကိုမင်းထိုက်နှင့် ကိုသန်းဇော်ဝင်းတို့မှာ ရွာတွင်းမှ အချိန်မီ မထွက်နိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ယနေ့အထိ ဆီဆုံကုန်းရွာအတွင်း၌ တပ်စွဲနေဆဲဖြစ်ပြီး အိမ်ခြေ(၆၀၀)ဝန်းကျင်မှ မိသားစုများမှာလည်း တိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း သိရသည်။
တိုက်ပွဲကတော့ အချိန်မရွေးဖြစ်ပွားနိုင်တယ်။ သူတို့စပစ်ပြီးဝင်လာတဲ့ ၁၆ ရက်နေ့၊ ၁၇ရက်နေ့နဲ့ ၁၈ ရက်နေ့အထိ သုံးရက်ဆက်တိုက် ခဏခဏပစ်တယ် ခတ်တယ်ပေါ့။ အပြန်အလှန်ပစ်ခတ်မှုတွေရှိတယ်။ ပြီးတော့ သူတို့တွေ ရွာထဲကပစ္စည်းတွေ မွှေနှောက်ပြီးတော့မှ ယူသွားတယ်။
ဟု သူက ဆက်ပြောသည်။
စစ်ကောင်စီတပ်သည် ဆီဆုံကုန်းရွာကို စစ်ကြောင်းထိုးလာသည့် အင်အား(၇၀)ကျော်အပြင် နောက်ထပ် အင်အား(၃၀)ဝန်းကျင်ပါ စစ်ကြောင်းဖြင့်လည်း စစ်ကြောင်းနှစ်ကြောင်းထိုးဝင်လာခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တွင် ဒမငယ်၊ မင်းဘူးကျွန်း၊ တောင်ညိုအနီးတစ်ဝိုက်မှ ဒေသခံများအား ၎င်းတို့၏ လက်အောက်ခံပြည်သူ့စစ်အဖြစ် လက်နက်တပ်ပေးထားသည့် ပျုစောထီးအဖွဲ့ဝင်များ ပါဝင်လာသည်ကို တွေ့ရကြောင်း သိရသည်။
ပြီးခဲ့နှစ် ဒီဇင်ဘာလ(၂)ရက်နေ့ကလည်း နတ်တလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုဖြင့် အမျိုးသမီးတစ်ဦး သေဆုံးကာ ကလေးများအပါအဝင် အရပ်သား(၈)ဦး ဒဏ်ရာရသည်။
နတ်တလင်းမြို့သည် ရန်ကုန်မြို့နှင့် (၁၃၈)မိုင်ဝန်းကျင်အကွာ ရန်ကုန်-ပြည်ကားလမ်းမပေါ်တွင်ရှိသည်။