ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရက်သတ္တပတ်တစ်ပတ်အကြာ ယမန်နေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၁၉)ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ပြီးနောက် ဘုန်းကြီးကျောင်း၊ တက္ကသိုလ်နှင့် ရုံးများတွင် အထိုင်ချတပ်စွဲထားသည့်အဖွဲ့များက ယနေ့နံနက်ပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသည်ဟု သိရသည်။
ယမန်နေ့ ညပိုင်းတွင် စစ်ကောင်စီသည် ဗန်းမော်ြမို့ ရွှေကျီးနားရပ်ကွက်ဝန်းကျင်ကို လေကြောင်းတိုက်ခက်မှု (၄) ကြိမ် တိုက်ခိုက်ပြီးနောက် ယနေ့နံနက်ပိုင်းတွင် ဘုန်းတော်ကြီးကျောင်း၊ တက္ကသိုလ်၊ ရုံးများတွင် အထိုင်ချထားသည့် ၎င်းတို့၏ တပ်ဖွဲ့များက ဗန်းမော်ြမို့ ကရင်ကုန်း၊ ပင်စင်ကုန်းနှင့် ရွှေကျီးနားရပ်ကွက်၀န်းကျင်တို့ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တစ်ဖက်သတ် ပစ်ခတ်နေခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
နေအိမ်တွေ မီးလောင်ပျက်စီးမှု ရှိပါတယ်။ အသေးစိတ်ကတော့ မသိရသေးပါဘူး။ ဒီနေ့မနက်ပိုင်းတော့ တိုက်ပွဲဖြစ်တာမျိုး မဟုတ်ဘူးဗျ။ စစ်ကောင်စီတပ်ဘက်က တော်လှန်ရေးဘက်ကလူတွေ ရှိတယ်ထင်တဲ့ဘက်တွေကို လှမ်းပစ်တာမျိုး လုပ်နေတာ။
ဟု Banmaw Scout Team မှ တာဝန်ရှိသူတစ် ဦးက Tachileik News Agency ကို အတည်ပြုပြောကြားသည်။
စစ်ကောင်စီတပ်ဖွဲ့များသည် ဗန်းမော်ြမို့ရှိ ၎င်းတို့၏ စကခ (၂၁)ဗျူဟာကုန်း၊ အဆိုပါ ဗျူဟာကုန်းအဝင်ပေါက်နှင့် တစ်မိုင်ဝန်းကျင်အကွာရှိ ညောင်ပင်ရပ်တောင်လေးလုံးဘုန်းတော်ကြီးကျောင်းနှင့် အဆိုပါလမ်းရှိ Galaxy KTV ဝန်းကျင်၊ ဗန်းမော် မိုက်ခရိုဝေ့ဗ်ရုံးဝန်းကျင်၊ ဗန်းမော်တက္ကသိုလ်၊ ဆေးတပ်၊ ထောက်ပို့နှင့် ဆက်သွယ်ရေးတပ် နှင့် ခလရ(၄၇)တို့တွင် အထိုင်ချတပ်စွဲပြီး မြို့တွင်းကို ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။
ဗန်းမော်မြို့အတွင်းကို စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းများကို ပြုလုပ်နေပြီး လက်ရှိတွင် စစ်ကောင်စီဘက်၏ အမြောက်တပ်နှင့် သံချပ်ကာတပ်များရှိသည့် စကခ (၂၁)ဗျူ ဟာကုန်းက အနီးရှိ ပင်စင်ကုန်းကို ပစ်ခတ်နေကြောင်း သိရသည်။
တော်လှန်ရေးအဖွဲ့တွေဘက်က ပစ်ခတ်တာမျိုးမရှိတာ တစ်ပတ်၀န်းကျင်ရှိပြီဗျ။ တိုက်ပွဲက ခဏရပ်ထားတဲ့ပုံစံလို့ ပြောရမယ်ဗျ။
ဟု ဒေသခံတစ်ဦးက ပြောသည်။
ဗန်းမော်တွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာက တိုက်ပွဲများကြောင့် ဒေသခံများမှာ စစ်ဘေးရှောင်နေကြရပြီး လက်ရှိအချိန်ထိ ဘေးလွတ်ရာဒေသများသို့ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
ဗန်းမော်မြို့တွင် စစ်ကောင်စီတပ်၏ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ခလရ(၄၇)၊ ခလရ(၂၃၆)၊ အမှတ်(၉၃၃) ထောက်ပံ့ပို့ဆောင်ရေးတပ်၊ အမှတ်(၁၁)စစ်မြေပြင်ဆေးတပ်ရင်း၊ အမှတ်(၅)ဆက်သွယ်ရေးတပ်၊ အမှတ်(၃၆၆)အမြောက်တပ်၊ အမှတ်(၃၁၄)အမြောက်တပ်၊ အမှတ်(၇၀၀၆)သံချပ်ကာတပ်ရင်း၊ အမှတ် (၅၀၁၄)တင့်ကားတပ်ရင်း၊ အမှတ်(၉၁၄)စစ်အင်ဂျင်နီယာတပ်၊ အမှတ်(၉၄၄)ဆောက်လုပ်ရေး အင်ဂျင် နီယာတပ်ခွဲနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်တို့ ရှိသည်။
ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ အဓိက ခံစစ်စခန်းဖြစ်သော အမှတ်(၄၃၇) ခြေမြန်တပ်ရင်းကို ကချင်လွတ်မြောက်ရေးတပ်မတော် -KIA က သိမ်းပိုက်ထားပြီးဖြစ်သည်။
KIA နှင့် မဟာမိတ်ပူးပေါင်းတပ်များက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ပထမပတ်တွင် ဗန်းမော်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း ဗန်းမော်မြို့မရဲစခန်း၊ ဌာနဆိုင်ရာစုပေါင်းရုံး၊ ခလရ(၄၇)တပ်ရင်း၏ ကာကင်းစခန်းအချို့အပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာ အများအပြားကို သိမ်းပိုက်ထားပြီးဖြစ်သည်။
KIA သည် ကချင်ပြည်နယ်အတွင်း ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားသည့်အပြင် ရှမ်းမြောက်ရှိ မဘိမ်းမြို့ကိုလည်း သိမ်းထားပြီးဖြစ်သည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ညပိုင်းတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်သွားသည့် ဗန်းမော်မြို့ ၂ မိုင် မီးပွိုင့်အနီးမှ နေအိမ်များကို Bamaw cout Team က မှတ်တမ်းယူထားခြင်းဖြစ်ပါသည်။