ရေးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား KBDF Drone တပ်ဖွဲ့မှ နည်းပညာအဆင့်မြှင့်တင်ထားသည့် ဒရုန်းများ အသုံးပြု တိုက်ခိုက်

ရေးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား KBDF Drone တပ်ဖွဲ့မှ နည်းပညာအဆင့်မြှင့်တင်ထားသည့် ဒရုန်းများ အသုံးပြု တိုက်ခိုက်

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား နည်းပညာအဆင့်မြှင့်တင်ထားသည့် Drone များ အသုံးပြုတိုက်ခိုက်ကြောင်း ဒေါနတပ်ခွဲ (၄) KBDF Drone တပ်ဖွဲ့ထံမှ သိရသည်။

ရေးမြို့ရှိ ကျုံလောင်းကျေးရွာအနီးသို့ စကခ (၁၉) လက်အောက်ခံ စစ်ကောင်စီတပ်များမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့မှစတင်ပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲများဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများတွင် ဒေါနတပ်ခွဲ (၄) KBDF Droneတပ်ဖွဲ့မှ နည်းပညာအဆင့်မြှင့်တင်ထားသည့် TOPPV-2 Fixed Wings မောင်းသူမဲ့ Drone များဖြင့် ဗုံးသီးအလုံးရေ (၁၂၇)လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျုံလောင်းကျေးရွာအနီး တိုက်ပွဲများတွင် တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ အရာရှိအပါအ၀င် (၇၀)ဦးခန့် သေဆုံးပြီး (၃၀)ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။

တိုက်ပွဲအတွင်းတွင် စစ်ကောင်စီတပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှု (၃)ကြိမ် ပြုလုပ်ခဲ့ပြီး ဘိုကလေး ဘုန်းကြီးကျောင်းအနီးဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ 

ထို့အပြင် ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်များမှ လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်လျှက်ရှိပြီး စစ်ကောင်စီမှ စကခ (၁၉) လက်အောက်ခံ ခလရ (၃၁)၊ ခလရ (၆၁)၊ ခလရ (၁၀၆)၊ ခမရ (၂၉၉)၊ ခမရ (၃၄၃)၊ ခမရ (၅၈၆)၊ ခမရ (၅၈၇)၊ ခမရ (၅၈၃)၊ ခမရ (၅၉၁)၊ အမတ (၃၁၆) တို့မှ အင်အားများဖြင့် စစ်ကြောင်းထိုးလျှက်ရှိကြောင်း သိရသည်။

စစ်ရေးအခြေအနေများ ဆက်လက်တင်းမာနေသည့်အတွက် ပြည်သူများအနေဖြင့် လေကြောင်းရန်နှင့် လက်နက်ကြီး အန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ထားရန်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နီးစပ်ရာနေရာတွင် နေထိုင်ခြင်းမပြုလုပ်ရန် ဒေါနတပ်ရင်းမှ အသိပေးတိုက်တွန်းထားသည်။

#TachileikNewsAgency

#TNA_LE

Photo: KBDF Drone-တပ်ဖွဲ့